ဂယ်ရီနဗီးရဲ့ တောင်းပန်မှုကို သူက တောင်းပန်ရမှာပေါ့လို့ သူပြောတာ အဓိပ္ပာယ်မှ မရှိတာလို့ ကလော့ပ် တုန့်ပြန်

မာဆေးဆိုဒ်ဒါဘီ ပွဲကြိုမှာ ဂယ်ရီနဗီးရဲ့ ပြောဆိုမှုကို တုန့်ပြန်သောအားဖြင့် လုပ်ဖော်ကိုင်ဖက်တွေကို နာကျင်စေနိုင်တဲ့၊ စည်းကျော်တဲ့ ရန်လိုမှုတွေအတွက် ဘောလုံးလောကမှာ နေရာမရှိဘူးလို့ ယာဂင်ကလော့ပ်က ပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့ပွဲတုန်းက လီဗာပူးကစားသမားတွေကို ခပ်ကြမ်းကြမ်း ဖျက်ထုတ်ဖို့ ကြိုးစားခဲ့တဲ့ ယူနိုက်တက် လူငယ်ကစားသမား ဟန်နီဘယ် မက်ဘရီအတွက် ဂုဏ်ယူတယ်လို့ ဂယ်ရီနဗီးက ဆိုခဲ့တာပါ။

နောက်ပိုင်းမှာ မက်ဘရီရဲ့ လုပ်ရပ်ဟာ ဘောလုံးသမားတွေကို ထိခိုက်သွားစေနိုင်သလို အဲ့လုပ်ရပ်ကို မှန်ပါတယ်လို့ မထောက်ခံသင့်ကြောင်း ဂယ်ရီနဗီးက ဝန်ခံပြီး တောင်းပန်မှု လုပ်ခဲ့ပါတယ်။

“ အဲ့စကားအတွက် သူတောင်းပန်ရမှာပေါ့။ သူလာနေတဲ့နေရာကို ကျွန်တော် နားလည်တယ်။ စိတ်ဓာတ် ပြင်းထန်မှုကို မြင်ချင်တာ သိပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ပြင်းထန်တာနဲ့ ပြိုင်ဘက်တွေကို လိုက်ကန်တာရဲ့ကြားမှာ ခြားနားမှုရှိတယ်။ အဲ့ဒါက အဓိပ္ပါယ်မရှိဘူး။

ဘောလုံးလောကမှာ စိတ်ဓာတ်ပြင်းပြတယ်ဆိုတာ တခြားသူတွေကို ထိခိုက်စေတာမျိုး မဟုတ်ဘဲ ကိုယ်ဘာသာ နာကျင်စေတဲ့အထိ အသင်းအတွက် ပေးဆပ်ဖို့ အဆင်သင့်ပဲလို့ ဆိုလိုတာပါ။ ကောင်လေးကို ကျွန်တော် အပြစ်မတင်ပါဘူး။ ပွဲက နည်းနည်း မြန်ဆန်နေခဲ့ပြီး လူစားဝင်ကစားသမားအနေနဲ့ သူက အထင်ကြီးစရာ လုပ်ပြချင်ခဲ့တာပါ။

သူက နည်းနည်းနောက်ကျနေတော့ အဲ့လိုလုပ်မိသွားတာပေါ့။ ရပါတယ်။ ဘောလုံးအားကစားမှာ စိတ်ဓာတ်ပြင်းပြမှုက လုံးဝ အဆင်ပြေတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေကို နာကျင်အောင်လုပ်ပြီး ကိုယ့်ပြဿနာကို ဖြေရှင်းလို့ မရပါဘူး။ အဲ့ဒါမျိုးကို ကျွန်တော် နားလည်မပေးနိုင်ဘူး ” လို့ ကလော့ပ်က ပြောခဲ့ပါတယ်။

ကလော့ပ်ဟာ သူ့ရဲ့ ကိုယ်ပိုင် ဘောလုံးသမားဘဝတုန်းကလည်း စိတ်ဓာတ်ပြင်းထန်မှု ရှိခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် နဗီးပြောသလိုမျိုး ပြိုင်ဘက်တွေကို ထိခိုက်စေတာမျိုး မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။

“ ကျွန်တော့် ကစားသမားဘဝမှာ ၃၂၅ ပွဲ ကစားခဲ့တယ်။ စိတ်ဓာတ်ပြင်းပြမှုနဲ့ နိုးကြားတက်ကြွမှု မရှိခဲ့ရင် တစ်ပွဲမှ ကစားခဲ့ရမှာ မဟုတ်ဘူး။ အဲ့ဒါက ကျွန်တော့်ရဲ့ တစ်ခုတည်းသော အားသာချက် ဖြစ်ခဲ့တာပါ။ ဒါကြောင့် အဲ့လိုအကျင့်မျိုးက အဆင်ပြေတယ်။

ဒါပေမယ့် လေးစားမှုတော့ ရှိရမယ်။ ဒါက အရှိန်လျင်မြန်တဲ့ ပွဲမျိုးဖြစ်ပေမယ့် နောက်ရက် အနည်းငယ်အတွင်း ပွဲတွေထပ်ကစားချင်တဲ့ တခြားကစားသမားကို ဂရုမစိုက်ပဲ လုပ်လို့တော့ မရဘူး ” လို့ ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။