လီဗာပူးက သီယေဂိုကို ခေါ်တာ မှားတာပဲလို့ ဝေဖန်သူတွေကို တုန့်ပြန်ပြီဖြစ်တဲ့ ကလော့ပ်

လီဗာပူးကစားသမားဘဝ အစပိုင်းအဖြစ် အဲဗာတန်ကို ရင်ဆိုင်ရာမှာ ရစ်ချာလီဆန်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုဟာ သီယေဂို အယ်ကန်တာရာရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝကို အထိနာစေခဲ့ပါတယ်။

၂၀၂၀ စက်တင်ဘာတုန်းက ကနဦး ပေါင် သန်း ၂၀နဲ့အတူ ဘိုင်ယန်မြူးနစ်ကနေ ပြောင်းလာခဲ့တဲ့ ကစားသမားဟာ ဒဏ်ရာပြဿနာတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရတာကြောင့် အင်္ဂလန်သတင်းဌာနတွေမှာကော အချို့သော ပရိသတ်တွေ ကြားမှာပါ သူဟာ လီဗာပူးအတွက် ကစားပေးဖို့ မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်သံတွေပါ ရရှိခဲ့တယ်။

သီယေဂိုနဲ့ ပတ်သက်လို့ အစောပိုင်း အငြင်းပွားမှုတွေ အားလုံးကို စိတ်အနှောက်အယှက် ဖြစ်ရတယ်လို့ ကလော့ပ်က ဆိုခဲ့သလို ဆုံးဖြတ်ချက် ချရမယ့်သူက အဲ့ဝေဖန်သူတွေဆိုရင် ဒီကနေ့ သီယေဂိုကို မြင်ရမှာတောင် မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

သီယေဂိုဟာ ကြံ့ခိုင်မှုအတွက် ကာလရှည် ပြန်လည် ကြိုးစားခဲ့ရကာ မကြာသေးမီက အပတ်တွေအတွင်း ကမ္ဘာအဆင့် အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည်ပြသခဲ့ပြီး ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ထူးထူးချွန်ချွန် စွမ်းဆောင်ပြခဲ့ပါတယ်။

“ သီယေဂိုက ကျွန်တော်တို့ ကစားပုံနဲ့ အံဝင်ရဲ့လားဆိုပြီး လူတွေက မေးခွန်းထုတ်ခဲ့ကြတယ်။ အဲ့ဒီ့လူတွေက ဆုံးဖြတ်ချက်တွေ မချရတာမို့ တော်သေးတာပေါ့။ ကစားသမားတစ်ယောက်က အကြောင်းပြချက် များစွာကြောင့် အချိန်ခဏလောက် ဘာမှ မလုပ်နိုင်ခဲ့ရင်တောင် ခေါ်မိတာ မှားသွားပြီလို့ တွေးစရာအကြောင်း မရှိပါဘူး။

သီယေဂိုက ကျွန်တော်တို့ဆီ လာချင်ခဲ့တယ်၊ ကျွန်တော်တို့ ဘယ်လိုကစားလဲ သူသိခဲ့တယ် ဆိုတာက ပိုအရေးကြီးပါတယ်။ သူက တကယ့် ဘောလုံသမားတစ်ယောက်ဖြစ်ပြီး ဘောလုံးအကြောင်း အများကြီး တွေးတဲ့သူဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လိုကစားတယ်ဆိုတာ သူသိတယ်။ အသင်းမှာ သူ အံဝင်မယ်ဆိုတာလည်း သိခဲ့ပါတယ်။

ကြံ့ခိုင်မှုကို ထိန်းသိမ်းရင်း အသင်းဟောင်းနဲ့ ကွာဟချက် အနည်းငယ်ကို အသားကျဖို့ပဲ လိုပါတယ်။ သီယေဂိုမှာ ပြဿနာ တစ်ခုပဲ ရှိခဲ့တယ်။ သူ ဒဏ်ရာရခဲ့တယ်။ အဲဗာတန်နဲ့ပွဲမှာ စတင်ခဲ့တာပါ။ အဲ့ဒီ့ဒဏ်ရာက အကူအညီ မဖြစ်ခဲ့ဘူး။ သူက ကျွန်တော်တို့နဲ့ အံဝင်ပါ့မလား ဆိုတာက ဘယ်တော့မှ မေးခွန်းထုတ်စရာ မဟုတ်ခဲ့ဘူး။ သူက ကျွန်တော်တို့ကို ကူညီမယ်ဆိုတာ သိလို့ပဲ သူ့ကို ခေါ်ယူခဲ့တာပါ။

သီယေဂိုက ကောင်းကောင်းကစားနေတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက် အကြောင်း အများကြီး ပြောရတာ မကြိုက်ဘူး။ မထိုက်တန်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲတမ်း ကျွန်တော် အဲ့လိုပြောလိုက်ရင် ကစားသမားကို တခုခု ဖြစ်စေတာပဲ။ ဒီအခန်းထဲကနေ ကျွန်တော် ထွက်သွားတဲ့အခါ ‘သီယေဂိုက ဟိုနား ဒီနားက တခုခု ဖြစ်သလို ခံစားနေရတယ်’ ဆိုပြီး ကြားရတတ်တယ်လေ”လို့ ကလော့ပ်က ပြောပြခဲ့ပါတယ်။

တနင်္ဂနွေနေ့ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီမှာ သီယေဂိုနဲ့ ကိတ်တာကို ကွင်းလယ်မှာ တွဲဖက်ကစားစေဖို့ ကလော့ပ်က စဉ်းစားနေပါတယ်။ ကိတ်တာက နောက်ပိုင်းမှာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့ပေမယ့် မတ်လလယ် ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲ နောက်ပိုင်း ပရီးမီးယားလိဂ် တစ်ပွဲမှ ပွဲမထွက်ခဲ့ရတာပါ။

“ သီယေဂိုနဲ့ အတူတူပါပဲ။ ကျွန်တော် ကိတ်တာအကြောင်း မပြောချင်ဘူး။ ကျွန်တော် တခုခု ပြောလိုက်ရင် ‘နာဘီ မကစားနိုင်ဘူး’ ဆိုပြီး တယောက်ယောက်က လာပြောမှာဗျ။ နာဘီက ကြံ့ခိုင်မှု ပြည့်ဝပြီး ပုံမှန်စည်းချက်ကို ရနေရင် အမြဲတမ်း ကောင်းမွန်ခဲ့တာပါ။

ကံမကောင်းစွာဘဲ သူက မျှော်လင့်သလောက် ပုံမှန်ကစားခွင့် မရနိုင်ခဲ့ဘူး။ အခုတော့ ဒါတွေ ပြီးသွားလောက်ပါပြီ။ သူ့အတွက် အနာဂတ်က တောက်ပနေပြီလို့ မျှော်လင့်ပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်ပါ။

ကိတ်တာကို ခေါ်ယူခဲ့တဲ့ နှစ် မတိုင်ခင် ကိတ်တာနဲ့ သီယာဂိုက ဘွန်ဒက်စ်လီဂါမှာ မတူညီတဲ့ အဆင့်အတန်းနဲ့ အကောင်းဆုံး ကွင်းလယ်လူနှစ်ယောက် ဖြစ်ခဲ့တာပါ။ ဒါကြောင့် အရင်ဆုံး ကိတ်တာကို ခေါ်ယူပြီး နောက်မှာ သီယာဂိုကို ခေါ်ယူဖို့က အကြံကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ကလော့ပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။