လီဗာပူးအသင်းကနေ ထွက်သွားရရင် အရမ်း ဝမ်းနည်းမိပါမယ်ဆိုတဲ့ ဆာလာရဲ့ အင်တာဗျူး

ဆာလာက လီဗာပူးကနေ ထွက်ခွာသွားရမယ်ဆိုရင် အတော်လေး ဝမ်းနည်းမိမှာဖြစ်ကြောင်း FourFourTwo အားကစားမဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

အီဂျစ်သားဟာ လွန်ခဲ့တဲ့ ၅ နှစ်က ရိုးမားကနေ ရောက်လာပြီးကတည်းက လီဗာပူးအသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်အဖြစ် တိုးတက်လာခဲ့တယ်။ လက်ရှိမှာ ဖလားလေးလုံး တိုက်ပွဲဝင်နေတဲ့ ကလော့ပ်ရဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် စာချုပ်သစ်ကိစ္စ ဆွေးနွေးညှိနှိုင်းမှုတွေက လများစွာကြာပြီးတဲ့အထိ မဖြေရှင်းနိုင်သေးတာနဲ့အတူ ဆာလာရဲ့ အနာဂတ်က အံ့အားသင့်စရာကောင်းအောင် မရေမရာ ဖြစ်လာတာပါ။ အသက် ၂၉ နှစ်အရွယ် ကစားသမားက အန်ဖီးမှာ ဆက်နေဖို့ကို သေချာပေါက် အာမခံလို့ မရဘူးလို့ ပြောဆိုခဲ့ပေမယ့် အသင်းကနေ သူထွက်ခွာသွားရင်လည်း ပိုက်ဆံကိစ္စကြောင့် မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။

“ ကျွန်တော် မသိသေးဘူး။ အချိန်တစ်နှစ်တော့ ကျန်သေးတယ်။ ပရိသတ်တွေက ကျွန်တော် ဘာလိုချင်တယ်ဆိုတာ သိမယ် ထင်ပါတယ်။ ဒါပေမယ့် စာချုပ်ကိစ္စမှာ ပိုက်ဆံက အရာအားလုံး မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် ခင်ဗျားတို့ကို တိတိကျကျ မပြောနိုင်ဘူး။ ကျွန်တော့်မှာ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတယ်။ ကျွန်တော် လိုချင်တာကို ပရိသတ်တွေ သိပါတယ် ” လို့ ဆာလာက ပြောပါတယ်။

လီဗာပူးနဲ့ လမ်းခွဲမယ့်အချိန်က ဘယ်တော့ပဲဖြစ်ဖြစ် အန်ဖီးကို စွန့်ခွာဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူးလို့ အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ၂ ကြိမ်ရ ဆာလာက ဝန်ခံခဲ့ပါတယ်။

“ ဒီလိုပတ်ဝန်းကျင်မှာ ကစားရတာ၊ အနောက်မှာ အားပေးမယ့် ပရိသတ်တွေ အမြဲတမ်း ရှိနေတာကို မြင်ရတာတွေ။ ကွင်းထဲမှာ ကျွန်တော့်အတွက် နဖူးစည်း စာတန်းတွေရှိတယ်။ သူတို့က ကျွန်တော့်အတွက် အမြဲတမ်း သီချင်းဆိုပေးကြတယ်။ ဒီကနေ ထွက်ခွာသွားရရင် တကယ်ကို ဝမ်းနည်းရတဲ့ အခိုက်အတန့် ဖြစ်လိမ့်မယ် ” လို့ ဆာလာက ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးမှာ အနာဂတ်က မသေချာဘူးလို့ ဝန်ခံခဲ့ပေမယ့် သူဟာ ကလပ်မှာ တတ်နိုင်သလောက် အကြာကြီး ဆက်ရှိနေချင်ပြီး အသင်းအတွက် ဆုဖလားတွေ ပိုရအောင် ကူညီပေးချင်ခဲ့တဲ့ အကြောင်း ပြောပြခဲ့ပါတယ်။

“ ဒီကလပ်က ကျွန်တော့်အတွက် အများကြီး အဓိပ္ပါယ်ရှိတယ်။ ကျွန်တော် တခြားနေရာတွေထက် ဒီမှာ ပိုပြီး ပျော်ပျော်ရွှင်ရွှင် ကစားခဲ့ရတယ်။ ကလပ်အတွက် အရာအားလုံး ပေးဆပ်ခဲ့ပြီး လူတိုင်း ဒါကို မြင်ခဲ့ရပါတယ်။ ဒီမှာ မယုံနိုင်စရာ အခိုက်တန့်တွေ၊ ဆုဖလားအောင်မြင်မှုတွေ၊ တစ်ဦးချင်းသွင်းဂိုးတွေ၊ တစ်ဦးချင်း ဆုတံဆိပ်တွေ အများကြီးရခဲ့တယ်။ ဒီမှာက မိသားစုတစ်ခုလိုပါပဲ ” လို့ ဆာလာက ဆိုပါတယ်။

၂၀၁၇ မှာ ပရီးမီးယားလိဂ်ကို ပြန်လာပြီးကတည်းက ဆာလာဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အပါအဝင် အဓိကဆုဖလား ၆ လုံး အောင်မြင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၄၅ ပွဲမှာ ၁၅၅ ဂိုး သွင်းယူခဲ့ပါတယ်။ လီဗာပူးရဲ့ ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ နံပါတ် ၉ ချိတ်ပေမယ့် ထိပ်ဆုံးက အီရန်ရှပ်ရဲ့ ၃၄၆ ဂိုး မှတ်တမ်းနဲ့ အတော်လေး အလှမ်းကွာနေပါသေးတယ်။

ဒါပေမယ့် အီဂျစ်သားက အီရန်ရှပ်ကို အမီလိုက်ဖို့ စဉ်းစားထားတဲ့အကြောင်း ပြောပြခဲ့ပါတယ်။ “ ကျွန်တော် မသွားခင်၊ ကျွန်တော်က ပထမနေရာ ရောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

အခုလို အမှားမခံတဲ့ အချိန်မှာ သူ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေက အာရုံအနှောင့်အယှက် ဖြစ်စေနိုင်လားလို့ မေးမြန်းခဲ့ရာ လက်ရှိ ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်က

“ကျွန်တော် မစိုးရိမ်ပါဘူး။ တခုခုနဲ့ပတ်သက်ပြီး ကျွန်တော် ကိုယ့်ဘာသာကိုယ် စိုးရိမ်ခွင့် မပေးဘူး။ ဘောလုံးရာသီက မပြီးသေးတာကြောင့် တတ်နိုင်သမျှ အကောင်းဆုံးနည်းနဲ့ အဆုံးသတ်ရအောင်ပါ။ ဒါက အရေးအကြီးဆုံး အရာပဲ။ ပြီးရင် ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရမှာပါ ” လို့ ဆာလာက ပြောကြားခဲ့တာဖြစ်ပါတယ်။