မာဆေးဆိုဒ်ဒါဘီကို တရားလွန် ခပ်ကြမ်းကြမ်းတွေ မပါဘဲ ကစားရအောင်လို့ ကလော့ပ် တိုက်တွန်း

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဒီတစ်ကြိမ် အန်ဖီးမှာ ယှဉ်ပြိုင်ကစားမယ့် မာဆေးဆိုဒ် ဒါဘီမှာတော့ ဘောင်ထဲကပဲ ကစားကြရအောင်လို့ အဲဗာတန်ကို တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ က ဂူဒီဆန်မှာ ယှဉ်ပြိုင်တဲ့ မာဆေးဆိုဒ်ဒါဘီမှာတော့ အဲဗာတန် ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ကစားမှုတွေကြောင့် ဗန်ဒိုက် တစ်ရာသီလုံး နားခဲ့ရသလို သီယေဂို ကာလရှည် အနားယူခဲ့ရတာပါ။ အင်္ဂလန်ရဲ့ အပြင်းထန်ဆုံး ဒါဘီတွေထဲ ထိပ်ဆုံးက ပါဝင်တဲ့ မာဆေးဆိုဒ် ဒါဘီဟာ ဒီတစ်ကြိမ်မှာလည်း မတူညီတဲ့ ဦးတည်ချက်တွေအတွက် ပြင်းထန်နေဦးမှာဖြစ်တယ်။

ကြားရက်မှာတုန်းက လီဗာပူးက ယူနိုက်တက်ကို အနိုင်ရခဲ့ပြီး အဲဗာတန်ကလည်း လက်စတာထံက သရေတစ်မှတ် ခွဲယူနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ လီဗာပူးက မန်စီးတီးနောက် ၁ မှတ်အကွာကနေ ဆက်လိုက်နေသလို အဲဗာတန်ကလည်း တန်းဆင်းဇုန်က ဘန်လေထက် ၁ မှတ်ပဲ ပိုထားတာကြောင့် ဒီတစ်ကြိမ် ထိပ်တိုက်တွေ့မှုမှာ ရလဒ်ကောင်းရဖို့က နှစ်သင်းလုံးအတွက် အရေးကြီးနေပါတယ်။

ကလော့ပ်က ပြောရာမှာ “ ဒီဒါဘီက အမြဲတမ်း ပြင်းထန်မှုရှိပါတယ်။ ဘောလုံးမှာ ပြင်းပြမှုရှိတာကို ကျနော် မြတ်နိုးတယ်၊ ရုပ်ပိုင်းဆိုင်ရာ အားပြိုင်တာကို နှစ်သက်ပါတယ်။ ဒါပေမယ့် စည်းမျဉ်းတွေအတိုင်းပဲ သေချာအောင် လုပ်ရအောင်ပါ။

တရားလွန်တွေ မလုပ်ရအောင်ပါ။ အရင်တုန်းက လုပ်ခဲ့ကြတဲ့ ကိစ္စတွေကို ထပ်မလုပ်ရအောင်ပါ။ ဒီလို အခြေအနေတွေကနေ ကျနော်တို့ ခံစားခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ တွန်းတွန်းတိုက်တိုက် ကစားတာတွေကို ကျနော် သဘောကျပေမယ့် ဘောလုံးပွဲကို ဘောင်ထဲကအတိုင်း ပြင်းထန်တာလောက်ပဲ လိုချင်ပါတယ်။

ဒါဘီပွဲ ကစားပြီးရင် ကျနော်တို့အားလုံး ပွဲတွေ ကစားရဦးမယ်ဆိုတော့ အရမ်းတော့ မလွန်စေနဲ့ပေါ့။ အဲ့တာကလွဲရင် ဒါဘီပွဲက အမြဲတမ်း ပြင်းထန်ပါတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက်လည်း အရေးကြီးပါတယ်။ ဒါပေမယ့် ဒါဘီပွဲက အရေးမကြီးဘူးလို့ကို မရှိဘဲ အမြဲတမ်း အရေးကြီးခဲ့တာပါ ” လို့ ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ကလပ်နှစ်သင်းကြား ရပ်တည်ချက်တွေနဲ့အတူ ပြင်းထန်လာမယ့် မာဆေးဆိုဒ်ဒါဘီအတွက် လီဗာပူးမြို့တွေ စိတ်လှုပ်ရှားနေကြမှာကိုလည်း ကလော့ပ်က နားလည်ထားပါတယ်။

“ ကျနော်တို့က လီဗာပူးမြို့က ကလပ်အသင်း နှစ်သင်းပါ။ ဒါကြောင့် ဒါဘီပွဲက အရမ်းကောင်းပါတယ်။ ပုံမှန်အားဖြင့် ပွဲမစခင် တစ်ပတ်လုံးမှာ လူတိုင်းက ဒါဘီပွဲအကြောင်းပဲ ပြောနေတတ်ကြပါတယ် ” လို့ ကလော့ပ်က ထပ်လောင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။