တစ်နာရီ မိုင် ၁ဝဝ နှုန်းနဲ့ ကြမ်းမယ့် မာဆေးဆိုဒ် ဒါဘီပွဲ လာပါပြီ ဆိုတဲ့ ဘီဘီစီ လော်ရိုးရဲ့ သုံးသပ် ခန့်မှန်းချက်

လီဗာပူးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် မှာတော့ မြို့ခံ ပြိုင်ဘက် အဲဗာတန်အသင်းနဲ့ မာဆေးဆိုဒ် ဒါဘီပွဲ အဖြစ် ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးက ဧပြီ ၂၄ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ အချိန်၊ အန်းဖီကွင်းမှာ အဲဗာတန် ကို ဧည့်ခံမှာပါ။

လီဗာပူးက ပရီးမီးယားလိဂ် သရဖူ အတွက် တစ်ပွဲမှ အမှတ်လျော့ခံလို့ မရဘဲ မန်စီးတီးကို အမှီလိုက်နေချိန်မှာ မြို့ခံ ပြိုင်ဘက် အဲဗာတန်ကတော့ တန်းဆင်းဇုန်ထဲ မကျဖို့ ရုန်းကန်နေရပါတယ်။

နည်းပြ လမ်းပတ် ကိုင်တွယ်နေတဲ့ အဲဗာတန် အသင်းဟာ လက်ရှိမှာတော့ ဇယားအောက်ခြေ ၃ သင်းကနေ လွတ်နေသေးပြီး အဆင့် ၁၇ မှာ ရှိနေကာ ရမှတ် အနေနဲ့တော့ တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာမှာသာ ရှိပါတယ်။ ဒါကြောင့် အဲဗာတန်ကလည်း ရသလောက် အမှတ်ယူပြီး စိတ်ချရအောင် ရုန်းလာဖွယ်ပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက ဒီတပတ် ပွဲကောင်း ဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန် တို့ ထိပ်တိုပ်တွေ့တဲ့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက ” ဒါက ဒါဘီပွဲပါ၊ ဒီတော့ ရူးလောက်စရာ ကြမ်းဦးမှာပါပဲ။ ပွဲက တစ်နာရီ မိုင် ၁ဝဝ နှုန်းနဲ့ကို တိုက်ခတ်သွားမှာပါ။ အမြဲ မြင်နေကျ မာဆေးဆိုဒ် ဒါဘီလိုပဲ ဘောလုံး ဖြတ်ထုတ်မှုတွေကလည်း လေထဲတောင် ပျံဝဲနေလိမ့်ဦးမယ်။

ဒါပေမယ့် ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အားထုတ် အလုပ်လုပ်တယ် ဆိုဆို၊ အန်းဖီးကွင်းမှာ ဧည့်သည် အသင်းတွေက ရမှတ် တစ်ခုခု ရယူသွားဖို့ ဆိုရင် ကွာလတီကောင်းတွေတော့ ရှိမှ ဖြစ်တာပါ။

အဲဗာတန်က ပြီးခဲ့တဲ့ နှစ်ပွဲမှာ တိုးတက်မှု လက္ခဏာတချို့ တွေ့မြင်ခဲ့ရတယ်။ ဒါပေမယ့် ခံစစ်ပိုင်းအရတော့ သူတို့က လီဗာပူးကို ထိန်းထားနိုင်လောက်အောင် မကျစ်လစ်သေးဘူးလို့ ကျနော် ထင်တယ်။

အမှတ်ပေးဇယားမှာလည်း ဒီနှစ်သင်းကြား ကွာခြားနေတာ ၄၇ မှတ်တောင် ရှိတယ်။ ဒါက ဘာကို ပြလဲ ဆိုရင် လက်ရှိ ဒီအသင်း နှစ်သင်းရဲ့ အဆင့်အတန်းပဲ။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-ဝ အဲဗာတန် ဖြစ်ပါတယ်။