အခုမြင်နေရတာ အစပဲရှိသေးကြောင်း လီဗာပူးပရိသတ်တွေကို ကတိပေးတဲ့ ဒီယက်စ်

လူးဝစ် ဒီယက်စ်ဟာ မယုံနိုင်စရာ စတင်မှုတွေ လုပ်ထားအပြီး လီဗာပူးအတွက် သူ့ရဲ့ စွမ်းဆောင်ရည် အဆင့်အတန်းကို ထပ်မံမြှင့်တင်ဖို့တောင် စိတ်ပိုင်းဖြတ်ထားပါတယ်။

ကိုလံဘီယာသားဟာ ဇန်နဝါရီမှာ ပေါ်တိုကနေ ရောက်လာပြီးကတည်းက ခြေစွမ်းပြခဲ့တာဖြစ်ပြီး ဖလားဆာလောင်နေတဲ့ အသင်းမှာ အပြည့်အဝ အံဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီယက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အဖွင့်ဂိုး သွင်းယူခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ ကွင်းထဲမှာ ပိုပြီး အသားကျလာရင် ဒီထက်ပိုပြီးတော့တောင် လုပ်ပြနိုင်သေးတယ်လို့ ယုံကြည်မှုရှိနေတာ ဖြစ်ပါတယ်။

“ ခင်ဗျားတို့ သတိထားမိနိုင်တဲ့ အထင်ရှားဆုံး အရာက ဒီက ပွဲတွေရဲ့ ပြင်းပြမှုပဲ ထင်တယ်။ ကျွန်တော်တို့တွေ နည်းဗျူဟာ ဘယ်လို တည်ဆောက်တယ် ဆိုတာနဲ့ ကျွန်တော်က ဘယ်လို ခုခံကာကွယ်ဖို့ လိုအပ်တယ်ဆိုတဲ့ အချက်က အခက်အခဲဆုံးအရာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ပေါ်တိုမှာလိုမျိုး ကျွန်တော် ပွဲထဲမှာ ကိုင်တွယ်ရတဲ့ အပိုင်းတွေရှိပါတယ်။ ကျွန်တော် အဲ့ဒီ့မှာ အများကြီး သင်ယူခဲ့ရတယ်လို့ ထင်ပါတယ်။ ဒီမှာလည်း ဆက်လက် တိုးတက်အောင် လုပ်သွားမှာပါ။ ဒီကလပ်မှာ ရှိနေရတဲ့အတွက် ကျွန်တော် အရမ်းပျော်တယ်၊ ကျွန်တော် အသားကျလာတဲ့အတွက်လည်း ကျေနပ်ပါတယ်။

ဒီလို သိပ်တော်တဲ့ နည်းပြနဲ့ ကစားသမားတွေရှိတဲ့ အဝတ်လဲခန်းထဲ အတူမျှသုံးရတာက ကျွန်တော့်အတွက် လုံးဝ ကျေနပ်စရာ ကောင်းပါတယ်။ အရေးအကြီးဆုံးအရာက အသင်းကို ကူညီဖို့၊ ကျွန်တော် စတင်ခဲ့တဲ့ ပုံစံအတိုင်း ဆက်လုပ်ဖို့၊ လေ့ကျင့်ရေးမှာ ပုံမှန်အတိုင်း အလုပ်ကြိုးစားဖို့ပါပဲ။ ဒါဆို ဒီမှာ ကျွန်တော် အလိုချင်ဆုံး ကြီးမားတဲ့အရာတွေကို အောင်မြင်နိုင်ပါတယ် ” လို့ ဒီယက်စ်က ဆိုပါတယ်။

ဒီယက်ဇ်ဟာ ဇန်နဝါရီ ၃၀ မှာ တရားဝင် လီဗာပူးကစားသမား ဖြစ်လာခဲ့ပေမယ့် ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပေါ်တိုနဲ့ လီဗာပူးတို့ တွေ့ခဲ့ချိန်အတွင်း ကလော့ပ်ရဲ့ အသင်းအကြောင်းကို မြည်းစမ်းခွင့်ရခဲ့တာပါ။

“ ဒီကလပ်က ကြီးကျယ်တဲ့ နေရာတစ်ခုဖြစ်ပြီး ဘယ်လောက်တောင် အရည်အချင်းတွေ အများကြီးရှိတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါကြောင့် ဒီကိုလာပြီး ကလပ်အတွက် စာချုပ်ချုပ်ခွင့်ရဖို့ ကျွန်တော် အမြဲကြိုးစားခဲ့တယ်။ နည်းပြလား။ မယုံနိုင်စရာ ကောင်းပါတယ်။ ဒါက ကျွန်တော်တို့ အတူရှိခဲ့တဲ့ ကာလတိုအတွင်း သူ့အတွက် ကျွန်တော် အသုံးပြုနိုင်တဲ့ စကားတခွန်းပါပဲ။

သူက သိပ်ကို နှိမ့်ချတတ်တယ်။ ပွင့်ပွင့်လင်းလင်းရှိပြီး အရမ်းတည်ငြိမ်တယ်။ ကစားသမားအားလုံး ပျော်အောင်ထားဖို့ ကြိုးစားတယ်။ ကျွန်တော့်အတွက် ဒါက အရေးကြီးပါတယ်။ အစပိုင်းမှာ အခုချိန်ထိ ကျွန်တော် လုပ်ခဲ့တဲ့အရာတွေကို သူက ကျွန်တော့်ကို ပြောပြခဲ့တယ်လို့ ထင်တယ်။

ကျွန်တော် လုပ်နေကျ အရာတွေကို ဆက်လုပ်နိုင်ဖို့ သူက လမ်းညွှန်ပေးခဲ့တာပါ။ အခုချိန်ထိ ကျွန်တော်က ကောင်းကောင်း စွမ်းဆောင်ခဲ့တယ်ဆိုတာ သူက ကျွန်တော့်ကို သိစေချင်ခဲ့ပြီး ဒီအတိုင်း ဆက်လုပ်သွားဖို့ ကြိုးစားစေချင်ခဲ့တယ်။ နည်းဗျူအဟာ အစီအစဉ်တွေနဲ့ လမ်းညွှန်ချက်တွေကို ပေါင်းစပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားခိုင်းခဲ့တာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။