ကိုင်တွယ်ရမယ့် အသင်းကစလို့ ကလော့ပ် ကိုယ်တိုင် ရွေးပေးခဲ့တာလို့ ဗီလာနည်းပြ ဂျရတ် ဖွင့်ဟ

အက်စတွန်ဗီလာ မန်နေဂျာ စတီဗင်ဂျရတ်က လီဗာပူး ယူ-၁၈၊ ရိန်းဂျား၊ အဲ့ကနေမှ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်ကိုင်တွယ်မှုတွေအကြောင်းကို စကိုင်းစပေါ့နဲ့ အင်တာဗျူးရှည် ပြုလုပ်ခဲ့ပါတယ်။

ဂျရတ်ကတော့ သူနဲ့ ကလော့ပ်တို့ဟာ သိပ်ကောင်းတဲ့ ဆက်ဆံရေးရှိကြတာဖြစ်ပြီး အခုလို တစ်ဆင့်ချင်း ခြေလှမ်းတွေ တိုးလှမ်းလာခဲ့တာဟာ ကလော့ပ်ရဲ့ အကြံပေးချက်တွေ အတိုင်းပါပဲလို့ ပြောပြခဲ့တယ်။ ဂျရတ်ဟာ ကလော့ပ် လက်အောက်မှာ ယူ-၁၈ အသင်း နည်းပြအဖြစ် တစ်ရာသီ ကိုင်တွယ်ခဲ့ပြီးမှ မန်နေဂျာလောကထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဂျရတ်က ပြောပြရာမှာ ” ကျနော်က ယာဂင်ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသလို ယာဂင်ကလည်း ကျနော်အပေါ် ပွင့်လင်းပါတယ်။ ကျနော်က ယာဂင်ကို ‘လုပ်စမ်းဗျာ။ ပွဲတွေထဲမှာ ကစားသမားဟောင်း ဆိုသူတွေကနေ ခင်ဗျား ဘာတွေမြင်လဲ?’ လို့ မေးခဲ့တယ်။

ယာဂင်က ‘ ငါမြင်သာပြောရရင် ကစားသမားကောင်းပါ ဆိုသူတွေ၊ ကောင်းမွန်တဲ့ ကစားသမားဘဝ ပိုင်ဆိုင်ခဲ့သူတွေဟာ နည်းပြလိုင်း၊ အုပ်ချုပ်မှုလိုင်းထဲကို ဝင်ရောက်ပြီဆိုတာနဲ့ အလိုလို အောင်မြင်လိမ့်မယ်လို့ တွေးတတ်ကြတယ်ကွ’ ဆိုပြီး ကျနော်ကို ပြန်ဖြေပေးခဲ့တယ်။

သူက ကျနော်အတွက် ပြောပေးခဲ့တာက အရေးကြီးဆုံးက အစကနေ ပြန်သွားဖို့ပါပဲ။ ကင်မရာတွေနဲ့ စောင့်ကြည့်ခံရမှု လုံးဝ မရှိဘဲ အမှားတွေကို ပက်ပက်စက်စက် လုပ်နိုင်တဲ့ အသင်းတစ်ခုကို သွားဖို့ ပြောခဲ့တယ်။

ယာဂင်က ကျနော်ကို မှာတာက ‘ နေ့တိုင်း ငါတော့ ပက်ပက်စက်စက် မှားနေပလိုက်တာပဲ’ လို့ပါ။ ကျနော်ကတော့ သူ အမှားတွေ လုပ်နေမိတယ် မထင်ပါဘူး။ ယာဂင်က ကျနော်ကို လီဗာပူး ယူ-၁၈ အသင်းကို ကိုင်ဖို့ သတိပေးခဲ့တယ်။ ဒီအသင်းမှာဆိုရင် ဘယ်နည်းပြမှ ရာထူးကနေ မပြုတ်ဘူးတဲ့။ ယူ-၂၃ အသင်းတော့ သွားမကိုင်ဖို့လည်း သူမှာတယ်။

ဘာလို့လည်းဆိုတော့ ယူ-၂၃ ဆိုရင် အဲ့က ကစားသမားတွေကို စီနီယာအသင်းက ယူသွားတာရှိမယ်။ စီနီယာအသင်းကနေ ဒီကို ပို့လာတာရှိမယ်။ သူလိုချင်တဲ့အချိန်မှာ ယူ-၂၃ အသင်းသားတွေကို သူခေါ်ရမှာမို့လို့ ယာဂင်က မှာခဲ့တယ်။

ကိုယ်ပိုင်အသင်းကို တည်ဆောက်၊ ကိုယ်ပိုင်ကစားဟန်နဲ့ ကစား၊ ကိစ္စတွေကို ကြိုးစားကြည့်၊ အမှားတွေကို လုပ်လိုက်ကွာ၊ ကိစ္စမှ မရှိတာဆိုတာက ယာဂင်ရဲ့ မှာကြားမှုပါ။ ယာဂင်က ကျနော်ကို ကူညီချင်ပါတယ်။ အကူအညီလိုတိုင်းလည်း သူ့ကို ဖုန်းဆက်၊ မေးမြန်းဖို့ ပြောခဲ့တယ်။ ကိုယ်ဘာတွေကို ယုံကြည်လဲ? လုပ်ချင်လဲ? လုပ်ကြည့်လိုက်ဖို့ ပြောပြခဲ့တာပါ ” ဆိုပြီး ဖြေပေးခဲ့တာဖြစ်ပါတယ်။

ကလော့ပ်နဲ့ ဂျရတ်ဟာ ကွင်းပြင်ပမှာ သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိထားပေမယ့်လို့ ဒီရာသီ အန်ဖီးကွင်းမှာ နှစ်သင်း ထိပ်တိုက်တွေ့စဉ် သာမာန်လောက်ပဲ နုတ်ဆက်ခဲ့ကြပါတယ်။ ဒါကလည်း သိပ်ခင်မင်ရင်းနှီးမှုတွေကို ပြနေရင် ဇာတ်လမ်းတွေ လုပ်ခံရနိုင်တာကြောင့်လို့ နားလည်နိုင်ပြီး သိပ်မကြာခင် ဗီလာပက်ခ်မှာတော့ မန်နေဂျာနှစ်ဦး ထပ်မံ ဆုံတွေ့ဦးမှာပဲ ဖြစ်ပါတယ်။