ဘယ်လင်ဟမ်အတွက် ချဉ်းကပ်မှုလုပ်ထားတဲ့ လီဗာပူးအသင်းကို ဒေါ့မွန်ဘက်က တုန့်ပြန်

ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းက သူတို့အသင်း ကွင်းလယ်လူ ဘယ်လင်ဟမ်အတွက် ချိတ်ဆက်မှုတွေ ရှိထားတဲ့ လီဗာပူးနဲ့ ယူနိုက်တက်ကို လာမယ့် ဘောလုံးရာသီမှာ အင်္ဂလန်သား ကွင်းလယ်လူကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Football Insider က ဖော်ထုတ်လာရာမှာ ဒေါ့မွန်အသင်းဟာ ဒီနွေမှာ ဟာလန်းကို ရောင်းထုတ်ဖို့ ရှိနေတာနဲ့အတူ ဘယ်လင်ဟမ်ကို ဆက်ထိန်းနိုင်ရေးအား ဦးစားပေးအဖြစ် ကြိုးစားမယ်လို့ သိရတယ်။ ဒေါ့မွန်ဟာ ကစားသမားကောင်းတွေကို လက်လွတ်ရပေမယ့် တစ်ရာသီမှာ အများဆုံး တစ်ဦးထက် မပိုတဲ့ ကန့်သတ်မှုကို ထိန်းချုပ်နေပါတယ်။

ပြီးခဲ့တဲ့ နွေမှာ ဆန်ချိုကို ယူနိုက်တက်ထံ လက်လွတ်ထားရကာ ဒီနွေမှာတော့ ဟာလန်းကို မန်စီးတီး (သို့) ရီးရဲလ်မက်ဒရစ်ထံ လက်လွတ်ရဖွယ်ရှိတယ်။ ဒါကြောင့် ဘယ်လင်ဟမ်ကိုတော့ အနာဂတ် အပြောင်းအရွှေ့တွေမှာ လက်လွတ်ရရင်တော့ ဒီနွေမှာ ထွက်ခွင့်ပေးမှာ မဟုတ်ကြောင်း အင်္ဂလန်ကလပ်တွေကို သတင်းပြန်ထားပါတယ်။

ဂျာမာန်ကလပ်ဟာ အသက် ၁၈ နှစ်အရွယ် ဘယ်လင်ဟမ်ကို စာချုပ်သက်တမ်းတိုးမယ့်အပြင် လုပ်ခပိုင်းကိုလည်း တိုးမြင့်ပေးမှာဖြစ်တယ်။ ဘယ်လင်ဟမ် ကိုယ်တိုင်ကလည်း အနာဂတ်မှာ ပရီးမီးယားလိဂ်ထံ ပြန်လည် ပြောင်းရွှေ့ရင်တောင်မှ ၂၀၂၂ ခုနှစ် ကမ္ဘာဖလားမှာ အင်္ဂလန်အသင်းအတွက် ပါဝင်ခွင့်ရအောင် ပုံမှန်ပွဲထွက်ခွင့်ရရေး လာမယ့်ရာသီ ဒေါ့မွန်မှာပဲ ဆက်နေလိုပါသေးတယ်။

လီဗာပူးရဲ့ စိတ်ဝင်စားမှုတွေနဲ့ ပတ်သက်ပြီး ဒေါ့မွန်ဥက္ကဌက “ သူက ဒေါ့မွန်ကစားသမားတစ်ယောက်ပါ။ ဒေါ့မွန် ကစားသမားတစ်ယောက်ပဲ ဆက်ရှိနေဦးမှာပါ။ လီဗာပူးတင်မက ဘယ်လင်ဟမ်အပေါ် စိတ်ဝင်စားတဲ့ အသင်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် စာချုပ်ဖျက်သိမ်းခွင့်တွေ၊ အပြောင်းအရွှေ့ တောင်းဆိုမှုတွေ မရှိပါဘူး ” လို့ ဆိုထားခဲ့ဖူးတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ မီလ်နာကို လက်လွတ်ရမှာဖြစ်သလို ချိန်ဘာလိန်ကို ရောင်းထုတ်ဖွယ်ရှိတယ်။ ဟန်ဒါဆန်နဲ့ သီယေဂိုတို့ကလည်း လာမယ့် ဘောလုံးရာသီမှာ အသက် ၃၁၊ ၃၂ နှစ်အရွယ်တွေ ရောက်နေမှာဖြစ်လို့ ကွင်းလယ်အားဖြည့်ရေးကို စည်းစားလာနေတာဖြစ်ပါတယ်။

ဒီနွေမှာ ဖူလ်ဟမ်အသင်းကနေ ကာဗယ်ဟို ရောက်လာဖို့ ရှိနေပေမယ့် ကွင်းလယ်သမား စစ်စစ် တစ်ဦးကို ခေါ်ယူရေးဟာ လီဗာပူးရဲ့ နွေဦးစားပေးလို့လည်း သတင်းထွက်နေပါတယ်။