ဆောင်းပါး | လီဗာပူးအသင်း သမိုင်းထဲက ဝမ်းနည်းဖွယ်ရာ ဟေးဘရော့ဖြစ်ရပ်ဆိုး အကြောင်း

လီဗာပူးအသင်းသမိုင်းမှာတော့ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပြီး အဆိုပါဖြစ်ရပ်တွေထဲက အချို့ဟာ အသင်းရဲ့ ပရိသတ်တွေ သေဆုံးတဲ့ထိ ဖြစ်ခဲ့ရတဲ့ ခါးသီးဖွယ် အိပ်မက်ဆိုးတွေပါပဲ။

ဟေးဘရော့ဖြစ်ရပ် မတိုင်ခင်မှာ လီဗာပူးအသင်းဟာ ဥရောပမှာ ဘုန်းမီနေလ တောက်ပခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။ အင်္ဂလန်အဆင့်မြင့်တန်းမှာ လီဗာပူးဟာ ယူနိုက်တက် အပါအဝင် ပြိုင်ဘက်တိုင်းကို လွှမ်းမိုးမှုကြီးမားခဲ့တယ်။ ဒါပေမယ့်လို့ ထိခိုက်မှုကြီးတဲ့ ဟေးဘရော့ဖြစ်ရပ်အပြီး လီဗာပူးအသင်းဟာ ဆယ်စုနှစ်ကြာ ယိုင်ထွက်ခဲ့ရသလို အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့ဆိုရင် နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့ပါတယ်။

ဟေးဘရော့ဖြစ်ရပ်မှာ ဘာတွေဖြစ်ခဲ့သလဲ

လီဗာပူးအသင်းသမိုင်းမှာ အဆိုးရွားဆုံးသော ဖြစ်ရပ်ဆိုးက ဟေးဆယ်ဖြစ်ရပ်ဆိုးအပြီး ၄ နှစ်အကြာ ၁၉၈၉ ဖြစ်ပွားခဲ့ပြီး လီဗာပူးပရိသတ် ၉၆ ဦး သေဆုံးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ လီဗာပူးအသင်းနဲ့ နော်တင်ဟမ် ဖော်ရက်စ်အသင်းတို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် ဟေးဘရော့ကွင်းမှာ ယှဉ်ပြိုင်ကစားစဉ် ပွဲကြည့်စဉ် ပြိုကျမှုဖြစ်ခဲ့ရာက လီဗာပူးပရိသတ် ၉၆ ဦး သေဆုံးကာ ၇၆၆ ဦး ဒဏ်ရာရတာဖြစ်ပါတယ်။ (ကနဦး ၉၆ ဦးဖြစ်ပေမယ့် ဒီနှစ်တွေကစလို့ ၉၇ ဦးဖြစ်ခဲ့ပါပြီ)

ဗြိတိန်ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံးသော ပွဲကြည်စင် ပြိုကျမှုဖြစ်ရပ်ဖြစ်ပြီး သေဆုံးသူအားလုံးနဲ့ ဒဏ်ရာရသူတွေက လီဗာပူးပရိသတ်တွေဖြစ်ကြပါတယ်။ ပရိသတ်တွေကို ကွင်းထဲဝင်ရောက်စေတဲ့ အရာရှိတွေနဲ့ ရဲအရာရှိတွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းဟာ ဟေးဘရော့ကွင်းမှာ ပွဲကြည့်စင် ပြိုကျမှုကို ဖြစ်စေခဲ့တာပါ။

ဂိတ်တံခါးကို ဖွင့်ပေးခဲ့တဲ့ အရာရှိ David Duckenfield ကိုလည်း ဒီကိစ္စရဲ့ တရားခံအဖြစ် သေဆုံးသူပရိသတ်တွေရဲ့ မိသားစုဝင်တွေက တရားစွဲဆိုပြီး ဆယ်စုနှစ် ၃ ခုကျော်ကြာ တရားမျှတမှု ရှာဖွေခဲ့တာဟာ ဒီနှစ်ဆိုရင် နှစ်ပေါင်း ၃၃ နှစ် တိုင်ပြီဖြစ်ပါတယ်။

ဝမ်းနည်းစရာကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ခုံရုံးကနေပြီး David Duckenfield ကို အပြစ်မရှိကြောင်း ကြေညာခဲ့လို့ လီဗာပူးမြို့သားတွေနဲ့ လီဗာပူးပရိသတ်တွေ ဆယ်စုနှစ်ပေါင်းများစွာ ရှာဖွေနေတဲ့ တရားမျှတမှုကို ရရှိခဲ့ခြင်း မရှိပါဘူး။

ဘာလို့ လီဗာပူးအသင်းက စွပ်စွဲခံရသလဲ

ဒါတွေရဲ့အစက The Sun ဆိုတဲ့ ဗြိတိန်သတင်းဌာနကနေ စတင်ပါတယ်။ ၎င်းတို့ သတင်းဌာနကို ၁၉၆၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး သတင်းဌာနကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဂုဏ်သိက္ခာကြီးတဲ့ သတင်းဌာနတော့ မဟုတ်ဘဲ အတင်းအဖျင်းတွေကစလို သူတို့ သတင်းစာတိုက် ပေါက်မယ့်ကိစ္စမှန်သမျှကို အတင်းကို သတင်းလုပ်ဖို့ ဝန်မလေးတဲ့ သတင်းတိုက်တစ်ခုဖြစ်ပါတယ်။

၎င်းတို့လက်အောက်က ဘောလုံးသတင်းဌာနဟာ ကစားသမားတွေရဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ၊ လိင်အသားပေးပုံရိပ်တွေ စသဖြင့် များစွာသော အောက်လုံးတွေကို သတင်းအဖြစ် ဖော်ပြလေ့ရှိတယ်။ ဒါကြောင့်လည်း အခြားသော ဘောလုံးပရိသတ်တွေ ကြားမှာပါ ဒီကနေ့ထိတိုင် The Sun ဟာ လေးစားမခံရတဲ့ သတင်းဌာနဖြစ်ပါတယ်။

ဟေးဘရော့ဖြစ်ရပ်ဖြစ်ပြီး နောက်လေးရက်မှာတော့ The Sun သတင်းစာက အမှန်တရားဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကြီး ဖော်ပြခဲ့ပြီး ၉၆ ယောက်သော လီဗာပူးအသင်းသားတွေ သေဆုံးမှုရဲ့ တရားခံဟာ လီဗာပူးပရိသတ်တွေပါလို့ အပြစ်ပုံချခဲ့တယ်။

အဆိုပါ သတင်းစာကပဲ သုံးရက်ဆက်တိုက် ဆက်လက်ဖော်ပြတဲ့ သတင်းခေါင်းစီးတွေမှာ ‘လီဗာပူးပရိသတ်တွေက ထိခိုက်သူတွေထံက ပိုက်ဆံတွေ ခိုးကြတယ်’၊ ‘ရဲရင့်စွာကူညီတဲ့ ရဲအရာရှိတွေကို ကျင်ငယ်တွေနဲ့ စွန့်ကြတယ်’၊ ‘အသက်ရှုလို့ရအောင် နှုတ်ခမ်းဖြင့်မှုတ်ပြီး အသက်ကယ်နေတဲ့သူတွေကို ရိုက်နှက်ကြတယ်’ ဆိုတဲ့ မဟုတ်တမ်းတရား သတင်းတွေကို စွပ်စွဲရေးသားခဲ့ကြတာဖြစ်တယ်။

The Sun က ဆက်ပြီးလည်း အရက်မူးနေတဲ့ လီဗာပူးပရိသတ်တွေက ဝန်ထမ်းတွေနဲ့ အပြစ်မဲ့သူတွေကို တိုက်ခိုက်ကြတယ်။ ရဲအရာရှိတွေ မီသတ်သမားတွေကိုလည်း ခိုက်ရန်လုပ်ကြတယ်လို့ ဖော်ပြခဲ့တာပါ။ နောက်ပိုင်းမှာ သတင်းဌာနအချို့က The Sun ကို ကိုးကားပြီး ပြန်ရေးကြတာကနေ အာလုံးရဲ့ အမြင်မှာ လီဗာပူးပရိသတ်တွေက တရားခံဖြစ်ခဲ့ပါတယ်။

သက်သေ အထောက်အထား ဘာတစ်ခုမှ မရှိပါဘဲ အဆိုပါ သတင်းစာက ဖော်ပြမှုဟာ လီဗာပူးပရိသတ်တွေကို အပုပ်ချမှုဖြစ်ပြီး ဒီကိစ္စကိုတော့ လီဗာပူးဒေသခံ ကလပ်အသင်းဖြစ်တဲ့ အဲဗာတန်ကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။

များစွာသော မိသားစုဝင်တွေကို ဆုံးရှုံးရမှုနဲ့အတူ ပူဆွေးနေတဲ့ လီဗာပူးပရိသတ်တွေဟာ မိသားစုဝင်တွေ သေဆုံးမှုမှာ နာမည်ဆိုးပါ ရေးထိုးခံရတဲ့ အဆိုပါ ကိစ္စအတွက် အမှန်တရား ပေါ်ပေါက်လာဖို့ နှစ်ကာလရှည် တစ်ခုချင်း ဖြေရှင်းခဲ့ရပြီး ဟေးဘရော့ဖြစ်ရပ်အပြီး တစ်နှစ်အကြာ ၁၉၉၀ ခုနှစ်မှာတော့ အရက်မှုးပြီး ရန်ရှာတယ်ဆိုတဲ့ ကိစ္စ မဟုတ်မှန်ကြောင်း ဖြေရှင်းနိုင်ခဲ့တယ်။

ဒါပေမယ့် ဒီ နှစ် ၃၀ အတွင်း The Sun မဟုတ်မမှန် ဖော်ပြလာတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းလာခဲ့ရာမှာ နောက်ဆုံး အဓိက တရားခံဖြစ်တဲ့ ရဲအရာရှိကို အပြစ်ပေးနိုင်မှပဲ ၁၉၈၉ ခုနှစ်က နာမည်ဆိုးဖြစ်ခဲ့တဲ့ လီဗာပူးပရိသတ်တွေရဲ့ နာမည်ကို အလုံးစုံ ပြန်လည် ဆယ်မနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်လည်း အခုချိန်ထိ လီဗာပူးက ဆက်ပြီး ကြိုးစားနေရပါတယ်။

ထိုးနှက်မှုအားလုံးကို ကြံ့ကြံ့ခံတဲ့ လီဗာပူး

ဘယ်လောက်ပဲ အတင်းအဖျင်း သတင်းပါပြောပြော လီဗာပူးအသင်းကို နာမည်တပ်တဲ့ သတင်းဆိုးဟာ ပြိုင်ဘက်တွေကြားမှာတော့ အရသာခံ ပြောလို့ကောင်းတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း The Sun ဟာ ဂုဏ်သိက္ခာမဲ့တဲ့ သတင်းဌာနဖြစ်ပေမယ့် သူတို့ရဲ့ သတင်းက ပြိုင်ဘက်ပရိသတ်တွေကြားမှာတော့ လီဗာပူးကို ထိုးနှက်လို့ကောင်းတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။

လီဗာပူးမြို့သားတွေဟာ တစ်လောကလုံးနဲ့ တစ်ယောက်ဆိုသလို ထိုးနှက်မှုအားလုံးကို ကြံ့ကြံ့ခံရင်း ပိုစည်းလုံးခဲ့ကြတယ်။ ဟေးဘရော့ဖြစ်ရပ်အပြီး The Sun ရဲ့ ဖော်ပြမှုကို ဆန့်ကျင့်တဲ့အနေနဲ့ လီဗာပူးမြို့မှာ The Sun သတင်းစာကို လုံးဝ ပိတ်ပင်ခဲ့ပါတယ်။ လီဗာပူးအခြေစိုက် ကလပ်အသင်းအားလုံးကလည်း ပိတ်ပင်ခဲ့ပြီး မြို့တော်နဲ့အတူ ပူးပေါင်းလက်တွဲခဲ့တယ်။

၂၀၁၇ ခုနှစ်မှာ လီဗာပူးက အန်ဖီးကွင်း မီဒီယာတွေ့ဆုံမှုတွေမှာ The Sun ကို လုံးဝ ဝင်ခွင့် မပေးတော့ပါဘူး။ လအတန်အကြာမှာ အဲဗာတန်ကလည်း ဂူဒီဆင်ပတ်မှာ The Sun သတင်းသမားတွေ ဝင်ရောက်ခွင့်ကို ပိတ်ပင်ပါတယ်။ လီဗာပူးမန်နေဂျာတွေနဲ့ အသင်းသားတွေဟာ The Sun နဲ့ အင်တာဗျူးလုံးဝ မလုပ်သလို မည့်သည် မေးခွန်းကိုမှလည်း ဖြေဆိုပေးခြင်း မရှိပါဘူး။

ဒီနေရာမှာ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းဟာ လီဗာပူးအသင်းနဲ့အတူ ရပ်တည်ခဲ့တာကို သတိပြုမိကြမှာဖြစ်ပါတယ်။ သက်သေမရှိပါဘဲ အပုပ်ချမှုကို အဲဗာတန်ကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကပဲ ပြိုင်ဆိုင်မှု ပြင်းထန်လှတဲ့ ဒါဘီအသင်းနှစ်သင်းကို စည်းလုံးစေခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။

The Sun က သူတို့ရဲ့ အမှားကို တောင်းပန်ခဲ့သလား

၁၉၉၃ ခုနှစ်မှာ ဟေးဘရော့ဖြစ်ရပ်အတွင်း The Sun သတင်းစာရဲ့ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့တဲ့ Kelvin MacKenzie က သူတို့ရဲ့ မှားယွင်းစွာ ဖော်ပြမှုမှာ တရားခံဖြစ်ခဲ့ရတဲ့ လီဗာပူးပရိသတ်တွေအတွက် အရမ်းကို ဝမ်းနည်းမိတယ်လို့ တရားဝင် တောင်းပန်ခဲ့တယ်။

ဟေးဘရော့ဖြစ်ရပ်အပြီး ၁၅ နှစ်အကြာဖြစ်တဲ့ ၂၀၀၅ ခုနှစ်မှာတော့ The Sun ဘက်ကနေပြီး သူတို့ရဲ့ ဂရုမစိုက်စွာဘဲ ဖော်ပြမှုက မှားယွင်းခဲ့ပါတယ်ဆိုပြီး လီဗာပူးမိသားစုဝင်တွေနဲ့ လီဗာပူးမြို့ကို တရားဝင် ဝင်ချတောင်းပန်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ သတင်းစာတိုက်ပိုင်ရှင် Rupert Murdoch အခုလည်း မတောင်းပန်ဘူး နောင်လည်း မတောင်းပန်ဘူးဆိုပြီး ရန်စကို ရှည်စေခဲ့တယ်။

လီဗာပူးပရိသတ်တွေကတော့ သတင်းစာတိုက်နဲ့တကွ အယ်ဒီတာဟောင်းတွေအားလုံးရဲ့ တောင်းပန်မှုကို လက်ခံပေးဖို့ အခုချိန်ထိ ငြင်းဆန်ထားပါတယ်။

လီဗာပူးပရိသတ်တွေဟာ အသင်းရဲ့ အမှန်တရားကို မဖော်ထုတ်နိုင်မချင်း The Sun ကို ဘယ်တော့မှ ခွင့်လွှတ်သွားဖို့ မရှိတာဖြစ်ပါတယ်။

Justice For 97! YNWA