အန်ဖီးကွင်းမှာ ပရိသတ်တွေရဲ့ အပြုအမှုတွေအတွက် မန်ချက်စတာ ယူနိုက်တက်က တရားဝင် တောင်းပန်

လီဗာပူးနဲ့ ယူနိုက်တက်တို့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ၄-၀ ပွဲစဉ် အပြီးမှာ ဧည့်သည် မန်ချက်စတာယူနိုက်တက်ဘက်က ၎င်းတို့အသင်း ပရိသတ်တွေရဲ့ အပြုအမှုအတွက် လီဗာပူးအသင်းကို တောင်းပန်ခဲ့ပါတယ်။

အဆိုပါပွဲမှာ လီဗာပူးအသင်း ပရိသတ်တွေဟာ ရော်နယ်ဒိုရဲ့ သားဖြစ်သူ ကွယ်လွန်မှုအတွက် စာနာစိတ်ကို ပြသခဲ့ပေမယ့်လို့ ဧည့်သည်ပရိသတ်တွေက ဟေးဘရော့ဖြစ်ရပ်ဆိုးကို ထိုးနှက်တဲ့ ရွတ်ဆိုသံကို ကွင်းထဲ ရှိနေတဲ့ ၎င်းတို့ ပရိသတ်တစ်ဝက်လောက်က ရွတ်ဆိုခဲ့ကြတာပါ။

ယူနိုက်တက်က “ မန်ချက်စတာယူနိုက်တက်ဟာ လီဗာပူးဘောလုံးအသင်းနဲ့အတူ ခိုင်မာစွာ ရပ်တည်ပါတယ်။ ဟေးဘရော့ဖြစ်ရပ်ဆိုးကြောင့် သေဆုံးခဲ့ကြတဲ့ ဒီပရိသတ်တွေကို အမြဲ သတိရနေမှာပါ။

ဒီဖြစ်ရပ်ဆိုးကို တိုက်ခိုက်တဲ့ ရိုင်းဆိုင်းတဲ့ ရွတ်ဆိုသံတွေနဲ့ ပတ်သက်ပြီး လုံးဝ လက်မခံနိုင်ပါဘူး။ ကျနော်တို့ဟာ အသင်းရဲ့ အားပေးသူတွေနဲ့အတူ ဒီလို ဖြစ်ရပ်တွေမှာ ရင့်ကျက်ကြဖို့ ကြိုးစား လုပ်ဆောင်သွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဝင်ဘာလေက မန်စီးတီးနဲ့ပွဲမှာ မန်ချက်စတာပရိသတ်တွေက လီဗာပူးပရိသတ် ၉၇ ဦး ကွယ်လွန်ခဲ့တဲ့ ဟေးဘရော့ဖြစ်ရပ်ကို ထိုးနှက်ထားခဲ့သေးတာဖြစ်တယ်။ အဲ့တုန်းကလည်း စီးတီးဘက်က ယူနိုက်တက်လိုပဲ နှစ်ပိုဒ် ပါဝင်တဲ့ တရားဝင် တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေက ‘The -un ပြောတာမှန်တယ် မင်းတို့က လူသတ်ကောင်တွေ’ လို့ သံပြိုင် အော်ဟစ်ကြခြင်းဖြစ်တယ်။ ဒါဟာ အတိတ်တုန်းက လီဗာပူးနဲ့ ယူနိုက်တက်ကြား ဟေးဘရော့နဲ့ မြူနစ် ဖြစ်ရပ်ဆိုးတွေကို အပြန်အလှန် လှောင်ပြောင်ကြတဲ့ အနေအထားကို ပြန်ရောက်သွားနိုင်မှုအဖြစ် မှတ်ချက်တွေရှိကြပါတယ်။

ယူနိုက်တက်ဟာလည်း မြူနစ်ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်မှုကြီးတွေ ရှိခဲ့ကာ ဒီလို အပြန်အလှန် စော်ကားမှုတွေကို ရပ်တန့်ဖို့ ကလပ်နှစ်သင်းကြား ပူးပေါင်း ကြိုးစားလာခဲ့တာ ဆယ်စုနှစ်ကြာခဲ့ပါပြီ။ အပြစ်မရှိဘဲ ထိခိုက်မှုရှိခဲ့တဲ့ ကလပ်တွေရဲ့ မိသားစုဝင်တွေအတွက် ဒီအပြုအမှုမျိုးတွေ ဆက်မဖြစ်ဖို့ ဦးဆောင်ပုဂ္ဂိုလ်တွေက အားထုတ်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်တွေထဲမှာ လီဗာပူးအသင်းရဲ့ ဆုဖလား အောင်မြင်မှုတွေအရ ပြိုင်ဘက် ပရိသတ်တွေဟာ အတိတ်က ကိစ္စတွေကို ပြန်လည် အသက်သွင်း ထိုးနှက်လာခဲ့တာဖြစ်ပြီး မကြာသေးခင်ကပဲ လက်စတာပရိသတ်တွေက တူညီတဲ့ လှောင်ပြောင်မှု လုပ်ခဲ့သေးတာဖြစ်ပါတယ်။