လီဗာပူးနောင်တနဲ့အတူ ပွဲတိုင်းမနိုင်ရင် လီဗာပူး ချန်ပီယံဖြစ်သွားမယ် သတိပေးတဲ့ ဂွာဒီယိုလာ

စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖလားပြိုင်ပွဲမှာ လီဗာပူးကို ခုခံတွန်းလှန်ဖို့ဆိုရင် မန်စီးတီးဟာ လက်ကျန် ၆ ပွဲလုံးကို အနိုင်ရဖို့ လိုကြောင်းနဲ့ မဟုတ်ရင် လီဗာပူးက ချန်ပီယံဖြစ်သွားလိမ့်မယ်လို့ ပက်ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

မန်စီးတီးဟာ မာရက်ဇ်၊ ဖိုဒန်၊ ဘာနာဒိုဆေးဗားတို့ရဲ့ ဒုတိယပိုင်း ဂိုးတွေနဲ့အတူ ဘရိုက်တန်ကို အနိုင်ရခဲ့တာပါ။ မာရက်ဇ်ရဲ့ အဖွင့်ဂိုးမတိုင်ခင် အီသီဟဒ်ကွင်းဟာ စိုးရိမ်စိတ်များနေခဲ့ပြီး ပွဲအပြီး ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ခြင်းကြောင့် လီဗာပူးထက် တစ်မှတ်အသာနဲ့ ဇယားထိပ်မှာ ရပ်တည်သွားခဲ့တာ ဖြစ်ပါတယ်။

အီသီဟက်မှာ နှစ်သင်း ထိပ်တိုက်တွေ့ခဲ့စဉ် ၂-၂ သရေကျခဲ့တာကို ဂွာဒီယိုလာက နောင်တရစွာ နှမြောနေခဲ့ပြီး သူတို့အသင်းက ပိုကောင်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အဆိုပါပွဲအပြီး အက်ဖ်အေဖလားမှာတော့ မန်စီးတီးဟာ လီဗာပူးကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ပရီးမီးယားလိဂ် ပွဲကျန် ၆ ပွဲအကျန်မှာ ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်ကို ပြသရမှာဖြစ်ကြောင်း ဂွာဒီယိုလာက “ ၆ ပွဲကျန်သေးတယ်။ ကျွန်တော်တို့ ပွဲအားလုံး အနိုင်ရရင် ချန်ပီယံဖြစ်ပြီ။ ပွဲအားလုံး အနိုင်မရရင် လီဗာပူးက ချန်ပီယံဖြစ်သွားလိမ့်မယ်။ ရိုးရိုးလေးပဲ။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ ချန်ပီယံဖြစ်ဖို့ ၁၄ ပွဲဆက်တိုက် အနိုင်ယူခဲ့ရတယ်။ ကျွန်တော်တို့ အမှတ်တွေလျော့သွားမယ်ဆိုရင် လီဗာပူးအသင်းက ချန်ပီယံ ဖြစ်သွားလိမ့်မယ်။ လီဗာပူးက ဘောလုံးသမိုင်းမှာ အကောင်းဆုံး အသင်းတစ်သင်းပါ။ အမြဲတမ်း အကောင်းဆုံး စာရင်းဝင်အသင်းပဲ။ ကစားသမားတွေက ဒါကိုသိပါတယ်။

ကျွန်တော်တို့ အိမ်ကွင်းမှာ ပိုကောင်းခဲ့သားနဲ့ သူတို့ကို အနိုင်မရခဲ့တာ ဝမ်းနည်းစရာပဲ။ အခုတော့ ကျွန်တော်တို့ နောက်ထပ် အမှတ်ထပ်လျော့လို့ မရတော့ဘူး ” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

လက်ကျန်ပွဲစဉ်တွေမှာ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အချို့သော တူညီတဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့် မန်ချက်စတာအသင်းက ပိုလွယ်ကူတဲ့ ပွဲစဉ်ဇယား ပိုင်ဆိုင်ထားတာပါ။ လီဗာပူးအသင်းဟာ ကိုယ် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တိုင်းကို အနိုင်ရဖို့ပဲ ကြိုးစားရမှာဖြစ်ပြီး ရာသီအကုန်မှာ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။