အဲဗာတန်ပွဲအတွက် အနားယူရင်း ဒီည မန်စီးတီးပွဲကို စောင့်ကြည့်မယ်ဆိုတဲ့ ဖာဘင်ညို

မန်ချက်စတာ ယူနိုက်တက်ကို ၄-၀ နဲ့ အနိုင်ရခဲ့တာဟာ လာမယ့်ပွဲတွေမှာ အသင်းအတွက် ယုံကြည်မှုတွေ ပိုတိုးလာစေနိုင်တယ်လို့ ဖာဘင်ညိုက ယုံကြည်နေပါတယ်။

ဒီရာသီအစောပိုင်းက အိုးထရက်ဖို့ဒ်မှာ ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးဟာ အန်ဖီးမှာလည်း နောက်ထပ် အမှတ်ရစရာ အနိုင်ရလဒ်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ လူးဝစ်ဒီယက်စ်ရဲ့ ၅ မိနစ်သွင်းအပြီး မိုဆာလာက သွင်းဂိုး ၂ ဂိုးနဲ့အတူ ဒီရာသီ ဂိုး ၃၀ မှတ်တမ်းကို ရရှိခဲ့သလို မာနေးကလည်း တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နောက်ထပ် စိတ်လှုပ်ရှားရာ စွမ်းဆောင်ရည်ဟာ ကလော့ပ်ရဲ့အသင်းကို မန်စီးတီးနဲ့ ဘရိုက်တန် ပွဲမတိုင်ခင် ပရီးမီးယားလိဂ် ဇယားထိပ် နေရာကို ရောက်ရှိစေခဲ့တာပါ။ ဖာဘင်ညိုဟာ ယူနိုက်တက်နဲ့ပွဲက လီဗာပူးရဲ့ အသင်းလိုက်ကစားပုံကနေ အကောင်းမြင်စရာတွေ များစွာရှိခဲ့တယ်လို့ ထင်မြင်နေတာ ဖြစ်ပါတယ်။

“ အခု ကျွန်တော်တို့ အရေးပါတဲ့ပွဲတွေပဲ ကစားရမယ်။ အနိုင် ၃ မှတ်က အမြဲတမ်း အရေးကြီးတယ်။ ဒါပေမယ့် ကစားပုံကောင်းကောင်း လိုချင်ပါတယ်။ အမြင့်မားဆုံး ပြင်းထန်မှု အဆင့်အတန်းမှာရှိဖို့၊ အရည်အသွေး ကောင်းကောင်းနဲ့ ကစားချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အသင်းမှာ အရည်အချင်း အများကြီး ရှိပါတယ်။

လုံးဝ ပြီးပြည့်စုံတာမျိုး မဟုတ်တောင် ပြီးပြည့်စုံလုနီးပါး ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့တယ်။ ဒါကြောင့် ယူနိုက်တက်လို အသင်းနဲ့ ရင်ဆိုင်ရာမှာ ဒီလိုမျိုး ခြေစွမ်းကို ပြသဖို့ အရေးပါခဲ့တာပါ။ ဒါက ကျွန်တော်တို့ရဲ့ ယုံကြည်မှုအတွက် အထောက်အကူ ဖြစ်စေပါတယ် ” လို့ ဖာဘင်ညိုက ဆိုပါတယ်။

လီဗာပူးဟာ ပွဲအစကတည်းက အညှာအတာကင်းကင်း ကစားခဲ့ပြီး ဒီယက်စ်၊ ဆာလာတို့ရဲ့ ဂိုးတွေနဲ့အတူ ပထမပိုင်းမှာ ၂ ဂိုးအသာစီး ရခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ယူနိုက်တက်ဘက်က တုံ့ပြန်လာတဲ့နောက် အိမ်ရှင်အသင်းဟာ ပွဲချိန်နှောင်းပိုင်းမှာ မာနေးနဲ့ ဆာလာရဲ့ နောက်ထပ် ဂိုးတွေနဲ့ ပွဲဖြတ်နိုင်ခဲ့တာပါ။

“ ဒါက လူတိုင်းအတွက် တကယ်ကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲအစကတည်းက ကျွန်တော်တို့ လိုချင်ခဲ့တဲ့ အရှိန်အဟုန်ကို တင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့တယ်။

ဘောလုံးရချိန်မှာ စိတ်ရှည်ရှည် ထားနိုင်ခဲ့ပြီး တိုက်စစ်ဧရိယာထဲ ဘောလုံးတွေ အများကြီး ပြန်လိုက်ဆယ်နိုင်ခဲ့တယ်။ ဒါက တကယ်အရေးကြီးပါတယ်။ ၄-၀ ဆိုတာ ကျွန်တော်တို့ ကစားခဲ့တဲ့ပွဲအတွက် သင့်တင့်မျှတတယ်လို့ ထင်ပါတယ် ” လို့ ဖာဘင်ညိုက ပြောပါတယ်။

၆ ပွဲကျန်ချိန်မှာ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲဟာ စိတ်ဝင်စားစရာကောင်းနေပြီး ကလော့ပ်ရဲ့ အသင်းအတွက် နောက်ထပ်ပွဲက တနင်္ဂနွေနေ့မှာ မာဆေးဆိုဒ် ဒါဘီ ကစားရမှာ ဖြစ်ပါတယ်။

“ ပထမဆုံး ကျွန်တော်တို့ ပွဲတွေကို အာရုံစိုက်ပြီး ပွဲတိုင်းအနိုင်ရဖို့ ကြိုးစားရမယ်။ အခု စီးတီးက နည်းနည်းတော့ ဖိအားရသွားလောက်ပါတယ်။ ကျွန်တော်တို့ ခြေထောက်တွေ အားပြန်ပြည့်လာအောင် လုပ်ရမယ်။ တစ်ရက်နားချိန်ရမှာပါ။ ဒါက ကျွန်တော်တို့အတွက် အရေးပါပါလိမ့်မယ်။

ကျွန်တော်ကတော့ စီးတီးပွဲကို ကြည့်မှာပါ။ ဒါပေမယ့် ပြောခဲ့သလိုပဲ အရင်ဆုံး ကျွန်တော်တို့ ပွဲတွေကို အာရုံစိုက်ပြီး အနိုင်ရဖို့ ကြိုးစားရမှာပါ ” လို့ ဖာဘင်ညိုက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။