လီဗာပူးပရိသတ်တွေရဲ့ အပြုအမှုကို ဘယ်တော့မှ မမေ့ပါဘူးလို့ ရော်နယ်ဒို မိသားစုဘက်က တုန့်ပြန်

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ မိသားစုဟာ မွေးကင်းစ သားငယ်လေး ဆုံးပါးသွားတဲ့နောက် ရော်နယ်ဒိုအတွက် အားပေးမှုကို ပြသခဲ့တဲ့ လီဗာပူးပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။

ရော်နယ်ဒိုက သူ့ရဲ့ မွေးကာစ အမွှာနှစ်ယောက်ထဲက သားယောင်္ကျားလေးဖြစ်သူ ဆုံးပါးသွားခဲ့ကြောင်း တနင်္လာနေ့က အသိပေးခဲ့တာဖြစ်ပြီး ဒီအဖြစ်ဆိုးအပြီး အပြင်လူထုနဲ့ အဆက်ဖြတ်ကာ မိသားစုနဲ့ အတူ ရှိနေခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ သူ့ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ဟာ သူတို့ရဲ့ ဆုံးရှုံးမှုအတွက် ဝမ်းနည်းပူဆွေးနေသလို ရော်နယ်ဒို အနေနဲ့ မနက်က လီဗာပူးနဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်တယ်။ လီဗာပူးပရိသတ်တွေကတော့ ပြိုင်ဘက်အသင်း ကစားသမားရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်အပေါ် သူတို့ရဲ့ ဝမ်းနည်းမှုကို မျှဝေခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ဂျာစီနံပါတ်အတိုင်း ပွဲချိန် ၇ မိနစ်အရောက်မှာ ပရိသတ်တွေဟာ အသက် ၃၇ နှစ်အရွယ် ကစားသမားကို အားပေးထောက်ခံတဲ့အနေနဲ့ လက်ခုပ်တီးပြီး “You’ll Never Walk Alone” စာသားကို သီဆိုခဲ့ကြတာပါ။

ရော်နယ်ဒိုနဲ့ အမဖြစ်သူ အယ်မာက “ ဒီအတွက် ကျေးဇူးတင်ပါတယ်၊ လီဗာပူး။ ဒီနေ့မှာ ရှင်တို့လုပ်ပေးခဲ့တာအတွက် ကျွန်မတို့ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ပါဘူး”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ဝမ်းကွဲတော်စပ်သူ ကာတီယာကလည်း အဲ့ဒီ့အပြုအမူဟာ ဘောလုံးလောကရဲ့ အလှတရားပဲဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ ဒိုလိုရက်စ် အေဗီရိုက သမ္မာကျမ်းစာထဲက စာတချို့ကို ရေးတင်ခဲ့ပါတယ်။

“ သင့်ရဲ့ နှလုံးသား အပြည့်အဝနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုယ့်စိတ်စေရာကို မလိုက်ပါနဲ့။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အသိအမှတ်ပြုပါ။ သင့်အတွက် လမ်းကို ညွှန်ပြပါလိမ့်မယ်” ဆိုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကလပ်နှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပြင်းထန်ပေမယ့် ဒီလို ခက်ခဲတဲ့အချိန်မှာ ရော်နယ်ဒိုကို အားပေးထောက်ခံဖို့ စိတ်ကူးဟာ လီဗာပူး ပရိသတ်တွေက အရင်ဆုံး အကြံပြုခဲ့တာဖြစ်တယ်လို့ မန်ယူနိုက်တက်က ပွဲမတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။

“ သားငယ်လေးကို ဆုံးရှုံးလိုက်ရကြောင်း ကြေညာခဲ့ပြီးနောက် ပေါ်တူဂီ တိုက်စစ်မှူးနဲ့ သူ့ပါတနာ ဂျော်ဂျီနာကို အားပေးထောက်ခံတဲ့ အနေနဲ့ ပရိသတ်က ဦးဆောင်တဲ့ တစ်မိနစ်ကြာ လက်ခုပ်ဩဘာသံကို ပွဲချိန် ၇ မိနစ်မှာ ပြုလုပ်သွားပါမယ်။ ကမ္ဘာတစ်ဝှမ်းက အားပေးစကားတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဆက်တိုက် ပျံ့နှံ့နေပြီး အခုချိန်မှာ လူတိုင်းရဲ့ အတွေးက ရော်နယ်ဒိုရဲ့ မိသားစုနဲ့ ထပ်တူရှိနေပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးဟာ အင်္ဂလန်ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ပြိုင်ဘက်တွေ ဖြစ်ပေမယ့် ကလပ်နှစ်ခုကြားမှာ နက်နဲတဲ့ လေးစားမှု ရှိထားပြီး မာဆေးဆိုက် အသင်းပရိသတ်တွေ ကနဦး အကြုံပြုခဲ့တဲ့ တစ်မိနစ်ကြာ လက်ခုပ်တီးဂုဏ်ပြုမှုက ဒါကို မီးမောင်းထိုးပြပါလိမ့်မယ် ” လို့ မန်ယူနိုက်တက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။