ကွင်းထဲက ဖြစ်ရပ်မှာ နားလည်မှုလွဲပြီး သီယေဂိုကို လူစားလဲခဲ့တာလို့ ကလော့ပ် ဝန်ခံ

ယူနိုက်တက်ပွဲမှာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်သူ သီယေဂိုကို လူစားလဲခဲ့တာဟာ ကွင်းလယ်လူ ဒဏ်ရာရတယ်လို့ ယူဆခဲ့တာကြောင့်လို့ ကလော့ပ်က ပြောပြခဲ့ပါတယ်။

သီယေဂိုဟာ ကွင်းထဲမှာ ကမ္ဘာအဆင့်ခြေစွမ်းတွေ ပြသနေတာဖြစ်ပြီး ရလဒ်ကလည်း ပြတ်သားနေချိန်မှာ သူ ဒဏ်ရာရသွားနိုင်တဲ့ အခြေအနေကို ကလော့ပ်က အလိုမရှိပါဘူး။ သီယေဂိုရဲ့ ကွင်းထဲက အခြေအနေ အချို့ဟာ ဒဏ်ရာပြဿနာများလားလို့ ကလော့ပ်ကို ရင်ထိတ်စေခဲ့တယ်။

ကလော့ပ်က ” ကွင်းထဲမှာ သီယေဂိုက သူ့ဘောင်းဘီကို ဆွဲတင်နေတာပါ။ ကျနော်က သူ တခုခုများ ဖြစ်သွားတာလား (ဒဏ်ရာရသွားတာလား) ဆိုပြီး တွေးမိခဲ့တယ်။ တကယ်တော့ သူက အဆင်ပြေပါတယ် ” ဆိုပြီး ပြောပြခဲ့တာဖြစ်တယ်။

စပိန်ကွင်းလယ်လူဟာ ပွဲချိန် မိနစ် ၈၀ မှာတော့ ကွင်းထဲကနေ ထွက်လာခဲ့တာဖြစ်တယ်။ သူ့ကို လူစားလဲချိန်မှာ အန်ဖီးကွင်းထဲက ပရိသတ်တွေရဲ့ တုန့်ပြမှုကို ကြည့်မယ်ဆိုရင် သီယေဂိုက ဘယ်လောက်တောင် ကောင်းစွာ ကစားခဲ့လဲဆိုတာ ခံစားမိကြပါလိမ့်မယ်။ လီဗာပူးပရိသတ်တွေက မတ်တပ်ရပ်ပြီး သီယေဂို အရန်ခုံကို ရောက်သွားချိန်ထိ လက်ခုပ်တီးကာ သြဘာပေးခဲ့ကြပါတယ်။

လွှမ်းမိုးမှု ကြီးမားခဲ့တဲ့ သီယေဂိုနဲ့ ပတ်သက်ပြီး ကလော့ပ်ကပဲ ” သူက သိပ်ကောင်းတဲ့ ကစားသမားပါ။ သူ ပုံစံကောင်းတွေမှာ ဆက်ရှိနေရေး သေချာအောင် လုပ်ရမှာဖြစ်သလို ဖြစ်နိုင်သလောက် ဆက်ပြီး ကစားနိုင်ဖို့လည်း လုပ်ပေးရမှာဖြစ်ပါတယ်။

သီယေဂိုက ပွဲကောင်းတစ်ပွဲ ကစားခဲ့ပါတယ်။ ကျနော်တို့ဘက်က အမြင်အရဆိုရင် ဒါကိုတွေကို ပြောနေစရာ အကြောင်းမရှိပါဘူး။ သူသူ့ထံကနေ ဒီလို စွမ်းဆောင်ရည်ကိုပဲ ကျနော်တို့ မျှော်လင့်ထားတာပါ ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ခြေစွမ်းပြခဲ့တဲ့ သီယေဂိုနဲ့ ပတ်သက်လို့ ဂယ်ရီနဗီးကလည်း ” လူစားလဲဖို့ ထွက်လာတော့ သီယေဂိုက ရယ်မောနေခဲ့တယ်။ တစ်ပွဲလုံးမှာ သူက ယူနိုက်တက်ကို လှောင်ရယ်နေခဲ့သလိုပါပဲ။ ပုံမှန်အားဖြင့် ဒီလို podcast တွေမှာ ကျနော် ဆဲလေးမရှိပါဘူး။ ဒါပေမယ့် ဒီညမှာ သီယေဂိုက ယူနိုက်တက် တစ်သင်းလုံးကို ဟာသလို လုပ်သွားခဲ့တာပါ ” လို့ ချီးကျူးသွားတာပဲ ဖြစ်ပါတယ်။