ပရီးမီးယားလိဂ်ကို ဦးဆောင်ခြင်း၊ မို ပြန်လာနိုင်ခြင်း၊ ခြေစွမ်းထက်တဲ့ သီယေဂို မာနေးနဲ့ ယူနိုက်တက် နိုင်ပွဲမှ စကားစမြည်း ပြောစရာများ

အန်ဖီးကွင်းက အားပေးမှု

ဒီပွဲမှာတော့ လီဗာပူးပရိသတ်တွေရဲ့ အားပေးမှုဟာ အတော်လေး ထူးချွန်ခဲ့ပါတယ်။ ဒီရာသီ ကလပ်ရဲ့ ဆုဖလားပြေးလမ်းကြောင်းတွေထဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကို ထိပ်ဆုံး တစ်နေရာက ထည့်ရမှာဖြစ်တယ်။ ပွဲမစခင်တည်းက ဆူဝေနေတဲ့ အန်ဖီးကွင်းဟာ ပွဲစ ခရာမှုတ်ကတည်းက အသင်းအတွက် အကောင်းဆုံး အားထုတ်ပေးခဲ့ကြပါတယ်။

သွင်းဂိုးရယူပြီး မိနစ်ပိုင်းအကြာ ပွဲချိန် ၇ မိနစ်မှာတော့ ပြိုင်ဘက်အသင်းသား ရော်နယ်ဒိုအတွက် စာနာမှုကို ပြသခဲ့ပြီး ကလော့ပ် အပါအဝင် ကွင်းလုံးပြည့်ဟာ လက်ခုပ်တီးကာ တိုက်စစ်သမားနဲ့အတူ ရှိပေးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းမှာ အသင်း ဘောလုံးပိုင်ဆိုင်ထားချိန်မှာ အသင်းကို ထောက်ခံမှု ယူနိုက်တက် ဘောလုံးပိုင်ဆိုင်ချိန်မှာ ပြိုင်ဘက်ကို ဖိအားပေးမှုတွေဖြင့် သူတို့ လုပ်ပေးနိုင်တာ အားလုံးကို ပရိသတ်တွေဘက်က လုပ်ဆောင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ယာဂင်ကလော့ပ်ရဲ့ လက်သီးလက်မောင်းတန်းမှုဟာ အန်ဖီးကို ဟိန်းထွက်သွားစေခဲ့ပါတယ်။

မိုဆာလာကို ပြန်လည်ကြိုဆိုခွင့်ရခဲ့ပါပြီ

အကောင်းဆုံး ခြေစွမ်းပြ ကစားခြင်းနဲ့အတူ ဆာလာက သူနဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေကို ပြန်လည် ရရှိခဲ့ပါပြီ။ တိုက်စစ်သမားဟာ ပွဲစကတည်းက မြင်သာတဲ့ အားထုတ်မှုကို လုပ်ခဲ့တာဖြစ်ပြီး ပထမပိုင်း ခပ်စောစောမှာတင် ဂိုးထောက်ပံ့မှု တစ်ကြိမ်နဲ့ သွင်းဂိုး တစ်ဂိုးတို့ကို ရယူပေးခဲ့တာဖြစ်ပါတယ်။ ညာခြမ်းမှာတော့ ဆာလာဟာ ခံစစ် ကူညီမှုတွေကိုလည်း အကောင်းဆုံး ပါဝင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစလို့ လီဗာပူးအတွက် ၁ ဂိုးပဲ သွင်းထားခဲ့တဲ့ ဆာလာဟာ ဒီပွဲမှာတော့ သူ့ရဲ့ ဒီရာသီ လိဂ်သွင်းဂိုး ၂၁ ဂိုးနဲ့ ၂၂ ဂိုးမြောက်တို့ကို ရရှိခဲ့တာဖြစ်တယ်။ ဂိုးသွင်းအများဆုံး တိုက်စစ်သမား စာရင်းကိုလည်း ၅ ဂိုးအသားနဲ့ ဦးဆောင်ထားပါတယ်။

ယူနိုက်တက်ကို ရင်ဆိုင်ရမှာ ဆာလာထံက ပုံမှန် မြင်တွေ့နိုင်တဲ့ သွင်းဂိုး ဖန်တီးမှု၊ သွင်းဂိုး ရယူမှုတွေကို မြင်ရခြင်းထက် ပိုကောင်းတဲ့ ပီတိမျိုးတော့ မရှိနိုင်တော့ပါဘူး။

အချိန်ကောင်းမှ အကောင်းဆုံးဖြစ်နေတဲ့ သီယေဂို၊ မာနေး

ဒီပွဲမှာ သီယေဂိုရဲ့ ကွင်းလယ် လွှမ်းမိုးမှုကို ချီးကျူးရမှာ ဖြစ်သလို မာနေးရဲ့ နံပါတ် ၉ နေရာက တောက်ပလာမှုကလည်း အသင်းအတွက် အင်အားဖြစ်စေခဲ့ပါတယ်။ သူတို့ထဲက အကောင်းဆုံး တစ်ဦးချင်း စွမ်းဆောင်ရည်တွေကို မြင်ခဲ့ရကာ အသင်းအတွက် ပံ့ပိုးနိုင်စွမ်းကလည်း ထူးချွန်ခဲ့ပါတယ်။

သီယေဂိုဟာ ဒီနောက်ပိုင်း ပွဲတွေမှာ လီဗာပူးရဲ့ အဓိက ကစားသမားဖြစ်လာနေပြီး ကွင်းလယ်တန်းကို လယ်ဗယ်တစ်ခုထံ ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ စတီဗင်ဂျရတ် နောက်ပိုင်း အကောင်းဆုံးသော ကွင်းလယ် ကစားဟန်ကို လီဗာပူးပရိသတ်တွေ ပြန်လည် မြင်ရခြင်းဖြစ်ကာ သူ့ရဲ့ ထိချက်နဲ့ ဖြန့်ဝေမှုတွေက အတော်လေး အနုစိတ်လွန်းခဲ့ပါတယ်။

ထိုနည်းတူ မာနေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ အသင်းဖော်တွေရဲ့ လှုပ်ရှားဟန်တွေကို နားလည်မှုတွေက ဒီပွဲ တိုက်စစ်ပိုင်း အခိုက်အတန့်တွေမှာ ထင်ရှားခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ဒုတိယမြောက် သွင်းဂိုးဖြစ်စေမယ့် ဆာလာ သွင်းဂိုးအတွက် သူ့ရဲ့ ဖန်တီးပေးမှုဟာ ကမ္ဘာအဆင့် ဖန်တီးမှုအဖြစ်ပါ မှတ်ကျောက်တင်ခံရထိုက်ပါတယ်။

စိတ်ပျက်ဖွယ် ပြိုင်ဘက်

လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ဒါဘီပွဲဟာ အင်္ဂလန်ဒါဘီရယ်လို့ တင်စားခံရတဲ့ထိ သမိုင်းကြောင်းတစ်လျှောက် အောင်မြင်မှုတွေ၊ တိုက်ခိုက်လိုမှုတွေနဲ့ အဘက်ဘက်က ယှဉ်ပြိုင်လာခဲ့ကြတာပါ။ ဒါပေမယ့် ဒီပွဲမှာတော့ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရတာဟာ လွယ်ကူလွန်းလှပြီး ဘာစိတ်ခံစားချက်မှ မရှိတဲ့ အသင်းတစ်သင်းကို အနိုင်ယူခဲ့ရခြင်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကစားသမားအချို့ မပါဝင်နိုင်ခြင်းကြောင့် ကစားဟန် မကောင်းခဲ့ပေမယ့် ဒီပွဲမှာတော့ မန်ချက်စတာသားတွေရဲ့ တိုက်ပွဲဝင်လိုစိတ်ကို မပြခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ပိုကောင်းတဲ့ ကစားဟန်ကို မြင်ခဲ့ရပေမယ့်လို့ လီဗာပူးကို အကောင်းဆုံး ယှဉ်ပြိုင်ကစားဖို့ထက် စိုးရိမ်စိတ်တွေနဲ့အတူ သူတို့ဘာသာ ပြာယာခတ်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီရာသီမှာတော့ လီဗာပူးအသင်းဟာ နှစ်ကျော့ပေါင်း ၉-၀ ဆိုတဲ့ ရလဒ်နဲ့ပါ အနိုင်ရခဲ့တာဖြစ်ပြီး ဒါဟာ ယူနိုက်တက်အတွက် အတော်လေး အရှက်ရစရာ ရလဒ်ဆိုးတစ်ခုပဲ ဖြစ်ခဲ့ပါလိမ့်မယ်။

ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံး

ရလဒ်က လီဗာပူးအသင်း လိုချင်တဲ့ အတိုင်းပါပဲ။ ပြိုင်ဘက်ကြီးကို အိမ်ကွင်းမှာ ဂိုးပြတ်ခြေပြတ် အနိုင်ယူပြီး ဇယားထိပ်ကို တက်ခဲ့တာဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ်ဇယားတွေအရ မန်စီးတီးက ပိုချောင်လည်နေပြီး လီဗာပူးအတွက်က ခက်ခဲတဲ့ ပွဲစဉ်တွေ ရှိနေဆဲဖြစ်တယ်။ ဒီကနေ့မှာ မန်စီးတီးက သူတို့ပွဲကို ကစားရမှာဖြစ်ပြီး ထိပ်ဆုံးနေရာကို တက်လှမ်းထားတဲ့ လီဗာပူးအသင်းက တူညီတဲ့ ပွဲစဉ်အပြီး ဘယ်အဆင့်မှာ ရှိနေမလဲ ကြည့်ရပါမယ်။

မန်စီးတီးအသင်း ဘယ်လိုရလဒ် ထွက်ပေါ်သည်ဖြစ်စေ လက်ကျန် ၆ ပွဲမှာ ၆ ပွဲလုံးကို အနိုင်ယူပြီး ရာသီကုန်မှာ အကောင်းဆုံး အနေအထားကို ပိုင်ဆိုင်ဖို့ မျှော်လင့်ရမှာပဲ ဖြစ်ပါတယ်။