ယူနိုက်တက်ကို အနိုင်ရတဲ့ပွဲမှ အကောင်းဆုံး ကစားသမား နှစ်ဦးရဲ့ ပွဲပြီး မှတ်ချက် စကား

ယူနိုက်တက်ကို ၄-၀ နဲ့ အနိုင်ရမှုမှာ လီဗာပူးအသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်တဲ့ သီယေဂိုနဲ့ ဆာလာတို့ဟာ ပွဲအတွင်းက အသင်းလိုက် ခြေစွမ်းအပေါ် ကျေနပ်နေကြပါတယ်။

သီယေဂိုဟာ လီဗာပူးကွင်းလယ်ကနေ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပြီး တိကျတဲ့ ပေးမှုတွေ၊ အကွက်မြင်မှုတွေနဲ့အတူ အသင်းကစားဟန်ကို မတင်ပေးခဲ့တာပါ။ တိုက်စစ်က ဆာလာကလည်း ပြီးခဲ့တဲ့ ပွဲတွေမှာလို မဟုတ်ဘဲ ပိုမို ပြတ်သားတဲ့ ကစားဟန်တွေနဲ့ အဆုံးအဖြတ် သွင်းဂိုးတွေကို ရယူပေးခဲ့တယ်။

ပွဲအပြီးမှာ သီယေဂိုက အသင်းဖော်တွေအပေါ် သူ့ရဲ့ ယုံကြည်မှုကို ထုတ်ပြောခဲ့ပြီး ” ကျနော်တို့ တိုက်စစ်မှာ ဒီကစားသမားတွေကို ပိုင်ဆိုင်ထားချိန်မှာ သူတို့က ဂိုးသွင်းဖို့တင် မဟုတ်ဘဲ ခံစစ်ပိုင်း အခြေအနေတွေမှာပါ ပါဝင် ကူညီချင်ကြပါတယ်။ အဲ့တာကပဲ ကျနော်တို့ကို အသင်းအနေနဲ့ စွမ်းဆောင်ရည် ပိုကောင်းစေတာပါ။

ကျနော်ရဲ့ စွမ်းဆောင်ရည်အတွက်တော့ ကိုယ်ဘာသာ အကဲဖြတ်မှု မလုပ်နိုင်ပါဘူး။ အန်ဖီးကွင်းမှာ အသင်းဟာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဘယ်ကနေ သွင်းဂိုးရမလဲ ဆိုတဲ့အပေါ် ကျနော်တို့ စိတ်ပူမနေပါဘူး။ ဒီ တိုက်စစ်သမားတွေ ပိုင်ဆိုင်ထားတာအတွက်၊ ကျနော်တို့ ကစားဟန်အတွက် ပျော်ရွှင်မိပါတယ် ” လို့ ဆိုခဲ့တယ်။

လီဗာပူးအတွက် ဒုတိယမြောက် သွင်းဂိုးနဲ့ စတုတ္ထမြောက် သွင်းဂိုးတို့ကို ရယူပေးခဲ့တဲ့ ဆာလာကလည်း အသင်းလိုက် ခြေစွမ်းကို ကျေနပ်နေပါတယ်။ ဒီပွဲဟာ ၆ ပွဲအကြာမှာ ဆာလာ သွင်းဂိုးပြန်ရခြင်းဖြစ်ကာ သူဟာ ဒီယက်စ်ရဲ့ အဖွင့်ဂိုးအတွက်လည်း ဖန်တီးမှု လုပ်ပေးနိုင်ခဲ့တယ်။

ဆာလာကပဲ ” ကွင်းလယ်မှာ သူတို့က ကျနော်တို့ကို လွယ်ကူအောင် လုပ်ပေးခဲ့တာပါ။ ကျနော်တို့ clean sheet ထပ်ရခဲ့တယ်။ ပထမဂိုး ရပြီးနောက်မှာ ဒုတိယဂိုး၊ တတိယဂိုးတွေ ထပ်ရခဲ့တယ်။ ကျနော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ဖြစ်ပြီး ဒီအတိုင်း ဆက်ပြီး လုပ်ပြလိုပါတယ်။

အသင်းအတွက် ကျနော် ဂိုးတွေ အများကြီး သွင်းပေးခဲ့ပြီး တခါတလေတော့ ဂိုးသွင်းနိုင်ဖို့ ကံမကောင်းခဲ့ပါဘူး။ အရေးကြီးဆုံးကတော့ အသင်း နိုင်ပွဲရနေဖို့ဖြစ်ပြီး ကိုယ်ဘာသာ အာရုံစိုက်နေဖို့ပဲ လိုပါတယ်။ ကျန်တာက ကျနော်တို့ လက်ထဲမှာ မရှိပါဘူး ” လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မနက်ဖြန်မှာ မန်စီးတီးပွဲရလဒ်အပေါ် မူတည်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာ အပြောင်းအလဲ ရှိမလား စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် လီဗာပူးက ထိပ်ဆုံးကို ယာယီ ဦးဆောင်ခဲ့ပြီ ဖြစ်ပါတယ်။