အန်ဖီးမှာ ကြောင်နဲ့ ကြွက်လို ကစားပြီး ယူနိုက်တက်ကို အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်ဆုံး ယာယီတက်တဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး ဒီယက်စ်၊ ဆာလာ (၂ ဂိုး)၊ မာနေးတို့ရဲက သွင်းဂိုးတွေနဲ့အတူ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ခံစစ်က မာတစ် ပြန်ပါလာခဲ့ပြီး ဖာဘင်ညို၊ သီယေဂို၊ ဟန်ဒို ကွင်းလယ်အတွဲကို ထုတ်သုံးခဲ့တယ်။ တိုက်စစ်ကတော့ ဆာလာ၊ မာနေး၊ ဒီယက်စ် အတွဲပဲဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပွဲစလာကတည်းက ပွဲကို အထက်စီးက ကစားခဲ့ပြီး ခံစစ် ၅ ယောက်တန်း ပုံစံ ပွဲထွက်လာတဲ့ ယူနိုက်တက်က အနည်းငယ် ကြောက်ရွံ့နေခဲ့တာကို မြင်ခဲ့ရပါတယ်။ ရန်းနစ်က ခံစစ်ကို အထိုင်ကစားမယ်လို့ ယူဆရပေမယ့် တကယ်တမ်းမှာတော့ ယူနိုက်တက် ခံစစ်ကြောင်းဟာ နားလည်မှု လွဲနေကြခြင်းနဲ့အတူ သူတို့ကြား နေရာလွတ်တွေက သိပ်ကြီးခဲ့ပါတယ်။

လီဗာပူး တိုက်စစ်သမားတွေက ယူနိုက်တက် ခံစစ်ကစားသမားတွေ ကြားထဲကကော လိုင်းတွေ ကြားထဲကပါ စိတ်တိုင်းကျ ဖြတ်ကျော် ကစားနေခဲ့ပြီး ဦးဆောင်ဂိုးကတော့ ပွဲအစ ၅ မိနစ်မှာပဲ ခံစစ်ကနေ စတင်လာတဲ့ ဘောလုံးကို ထရန့်၊ မာနေး၊ ဆာလာ တို့ရဲ့ ထိချက် ပြေးလွှားမှုတွေနဲ့ ဖန်တီးပေးရာကနေ ဘယ်ခြမ်းက တိုက်စစ်လိုက်နေတဲ့ ဒီယက်စ်က ပိတ်သွင်းပါတယ်။

ပထမပိုင်း ကစားဟန်မှာ ကွင်းလယ်က သီယေဂိုရဲ့ ဘောလုံး ဖြန့်ဝေမှုတွေဟာ အဓိက ကျခဲ့ပြီး အဆုံးသတ်ခါနီး အပိုင်းတွေမှာတော့ မာနေးရဲ့ အမြင်ရှိမှုက အရေးပါခဲ့ပါတယ်။ ဒီပွဲမှာ ဆာလာကလည်း သူ့ရဲ့ ပုံစံကောင်းတွေကို ပြန်ပြဖို့ အားထုတ်ခဲ့တာကြောင့် မာနေးရဲ့ အံ့မခန်း ဖန်တီးပေးမှုကနေပဲ ဧရိယာထဲမှာ အကောင်းဆုံး အဆုံးသတ်ပြီး ၆ ပွဲဆက် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီ အကောင်းဆုံး ပထမပိုင်းတွေထဲက တစ်ပွဲကို ကစားခဲ့တာဖြစ်ပြီး ကွင်းလယ်က သီယေဂိုရဲ့ အံ့မခန်းတဲ့ ပေးချက်တွေဟာလည်း ပွဲကြည့် ပရိသတ်တွေကို ဘဝင်ခွေစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးအသင်းဟာ အစပိုင်းမှာ ထိန်းထားနိုင်ပေမယ့် ကစားအား ဆက်တိုက် ကျဆင်းလာခဲ့တာ သိသာခဲ့ပါတယ်။ ဒါကလည်း ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်၊ မန်စီးတီးနဲ့ အက်ဖ်အေဆိုတဲ့ ပွဲကြီးတွေကို ဆက်တိုက် ကစားခဲ့တာကြောင့် ဖြစ်ပြီး ပထမပိုင်းကလောက် တင်ကစားနိုင်ခြင်း မရှိတော့ပါဘူး။

ဒါကြောင့်လည်း ဆန်ချိုရဲ့ ဘယ်ခြမ်းက ထိုးဖောက်မှု နှစ်ကြိမ်လောက်ကို ခွင့်ပြုခဲ့ရကာ ဘောလုံးပိုင်ဆိုင်မှုလည်း အနည်းငယ် ဆုံးရှုံးလာခဲ့ပါတယ်။ ဒါပေမယ့်လို့ ယူနိုက်တက်တို့ ဘောလုံးထိတွေ့မှု ပြန်ရလာခြင်းဟာ လီဗာပူးရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်လောက်တဲ့ထိ မဖြစ်ခဲ့ဘဲ ဒီယက်စ်ရဲ့ ဖန်တီးပေးမှုကနေ မာနေးက ပိတ်သွင်းခဲ့တယ်။

အဲ့နောက်မှာ လီဗာပူးက ပွဲကို ထိန်းကစားရင်း တိုက်စစ်အတွက် အခွင့်အရေးကောင်းတွေ ရချိန်မှာ ထိုးဖောက်မှုတွေကို ပြုလုပ်သွားခဲ့ပါတယ်။ သီယေဂိုအတွက် ကိတ်တာ ဝင်ကစားခဲ့ပြီး ဖာဘင်ညိုအတွက် မီလ်နာ ဝင်ကစားခဲ့ကာ ဘယ်ခြမ်းက ပံ့ပိုးပေးမှုကနေ ဆာလာကပဲ နောက်ထပ် တစ်ဂိုး သွင်းယူခဲ့ပြန်ပါတယ်။

မိနစ် ၈၀ နောက်ပိုင်းမှာ ကွင်းထဲက ယူနိုက်တက် ပရိသတ်တွေဟာ ထွက်ခွာသွားကြသလို ဖာနန်ဒက်စ်နဲ့ လူစားဝင်လာတဲ့ ယူနိုက်တက် လူငယ်ကစားသမားတို့ဟာ ပွဲရလဒ်ကို အနည်းငယ် အရှက်ရဟန်ရှိကာ လီဗာပူးအသင်းသားတွေကို ကန်ကျောင်းမှုတွေ စတင်လာခဲ့ကြတယ်။

လီဗာပူးဘက်က ပွဲကို ထိန်းကစားခဲ့ရင်းကပဲ ၄-၀ နဲ့ အဆုံးသတ်ခဲ့ကာ မနက်ဖြန် မန်စီးတီးပွဲ မတိုင်ခင် လိဂ်ရဲ့ ထိပ်ဆုံး နေရာကို ယာယီ ဦးဆောင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ နှစ်သင်း ခြေစွမ်းက အပြတ်အသတ် ကွာခြားခဲ့ပြီး ယူနိုက်တက် ကစားသမားတွေဟာ လီဗာပူးအသင်းသားတွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရခဲ့တာနဲ့အတူ အခုလို အပြတ်အသတ် အရေးနိမ့်သွားခဲ့တာပဲ ဖြစ်ပါတယ်။