လီဗာပူး ၄-၀ ယူနိုက်တက် ပွဲအပြီးမှာ သူ့ကို ဝမ်းနည်းစေတဲ့ ကိစ္စကို ကလော့ပ် ထုတ်ပြော

ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲမှာ အသင်း အနည်းငယ် ဖိအားဝင်ခဲ့တဲ့ ဒုတိယပိုင်း အပြောင်းအလဲကစလို့ ပွဲစဉ် တစ်ခုလုံးအတွက် ကလော့ပ်က အကျဉ်းသဘော သုံးသပ်ပြခဲ့ပါတယ်။

နည်းပြယာဂင်က ” ဒုတိယပိုင်းမှာ သူတို့ နည်းစနစ်ပြောင်းခဲ့ပြီး ဖိအားပေးမှု ပိုလုပ်လာခဲ့တယ်။ ကျနော်တို့ ဘောလုံးပေးဖို့ လမ်းကြောင်း မရှာနိုင်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းက အပြောင်းအလဲအပေါ် အသားကျလာခဲ့ပြီး ကွင်းထဲမှာပဲ သင်ယူခဲ့သလို အချိန်နဲ့အမျှ ပိုကောင်းလာခဲ့တယ်။

ပွဲရဲ့ ကျန်အချိန်တွေက ကြည့်ကောင်းပါတယ်။ သိပ်ကောင်းတဲ့ ဘောလုံး ကစားခဲ့တာပါပဲ။ ပွဲအစ စက္ကန့်ပိုင်းတည်းက ဆာလောင်စိတ်တွေ ပြသခဲ့တယ်။ ပထမဂိုးကတော့ အသင်းရဲ့ စစ်မှန်တဲ့ စိတ်ပိုင်းဖြတ်မှုပါ။ ကစားသမား နှစ်ဦးရဲ့ တစ်ချက်ထိတွေက ပံ့ပို့မှုနဲ့အတူ ဒီယက်စ် ဂိုးသွင်းနိုင်ခဲ့တယ်။

ဒုတိယဂိုးကလည်း သိပ်ကောင်းပါတယ်။ ဆာဒီယိုနဲ့ မိုကြား ချိတ်ဆက် ကစားမှုပါ။ ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်သလို လီဗာပူးနှလုံးသားထဲမှာ သိပ်ကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့မှာပါ ” လို့ ပြောပြခဲ့ပါတယ်။

ဒီရာသီမှာ နှစ်ကျော့ပေါင်းဆိုရင် ယူနိုက်တက်က လီဗာပူးကို ၉-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့တာပါ။ အန်ဖီးကွင်းကပွဲမှာ ယူနိုက်တက်ဟာ ဒဏ်ရာပြဿနာတွေ များနေခဲ့သလို သူတို့အသင်းရဲ့ ခံစားချက်တွေ ကောင်းမနေတာကြောင့် အခုလို ရလဒ်ထွက်ခဲ့တာဖြစ်ပြီး နှစ်သင်း အင်အားတောင့်တင်းမှုတွေနဲ့ ယှဉ်ပြိုင်ရခြင်း မဟုတ်တဲ့အပေါ် ကလော့ပ်က နည်းနည်းတော့ စိတ်မကောင်းဖြစ်နေပါတယ်။

ယာဂင်က ” ဒီလို အမြဲဖြစ်နေမှာ မဟုတ်သလို ဖြစ်လေ့ရှိတဲ့ ရလဒ်လို့ မထင်ပါဘူး။ ဒါက ပုံမှန် အခြေအနေ မဟုတ်ပါဘူး။ ယူနိုက်တက်က ခံစားချက်တွေ ကောင်းမနေဘူး၊ ဒဏ်ရာရ ကစားသမားတွေလည်း အများကြီးပါ။ ပေါ့ဘာပါ ထွက်သွားရတော့ သူတို့မှာ သုံးနေကျ ကွင်းလယ်လူတွေ မရှိတော့ပါဘူး။ တိုက်စစ်သမားတွေနဲ့ဆိုရင် ကွင်းက အတော်လေး ကြီးမားပါလိမ့်မယ်။

မာတစ်နဲ့ ဖာနန်ဒက်စ်တို့နဲ့ပဲတော့ သူတို့ လိုချင်သလို ကစားနိုင်မှာ မဟုတ်ပါဘူး။ ယူနိုက်တက် ကစားသမားတွေကို ဝေဖန်တာ မဟုတ်ပါဘူး။ ဒါက သူတို့အတွက် ပုံမှန်ပွဲ မဟုတ်ဘူး။ ကျနော်တို့ ဘောလုံး ပိုင်ဆိုင်မှု ၇၀-၇၅% လောက်ရှိခဲ့ပြီး သူတို့က ခုခံဖို့ပဲ လုပ်နေခဲ့ရတယ်။ ဒါက မလွယ်ပါဘူး။ သူတို့အတွက် နည်းနည်းလေး စိတ်မကောင်းဖြစ်မိပါတယ် ” လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။