ဆာလာ အမှားမျိုး ထပ်မဖြစ်ဖို့ မာနေး အနာဂတ် သတင်းထူးပေးရေး ကလော့ပ် ငြင်းဆန်

မိုဆာလာရဲ့ စာချုပ်နဲ့ ပတ်သက်ပြီး သူရဲ့ ပြောဆိုမှုဟာ ဇာတ်လမ်းတွေ ထွက်ပေါ်ခဲ့တာကြောင့် နောက်ထပ် ကြယ်ပွင့်ဖြစ်တဲ့ ဆာဒီယိုမာနေးရဲ့ စာချုပ်သစ် ဆွေးနွေးမှုကို ကိုင်တွယ်ရာမှာ အလားတူ အမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ဘူးလို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ဆာလာရဲ့ ကြန့်ကြာနေတဲ့ စာချုပ်ကိစ္စအပေါ်မှာပဲ အများက အာရုံစိုက်နေကြတာဖြစ်သလို မာနေးဟာ သိပ်ပြီး အာရုံစိုက်မှု မရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီနီဂေါကြယ်ပွင့်ဟာ ဆာလာလိုပဲ ၂၀၂၃ နွေရာသီမှာ စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပြီး သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု မရသေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်စီးတီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ‘ထိပ်တန်းအဆင့်ကနေ ကျဆင်းဖို့ အဝေးကြီးလိုသေးတယ်’ ဆိုတာကို သက်သေပြခဲ့ပါတယ်။ ကလော့ပ်ဟာ အာဖရိကန်ကြယ်ပွင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ နိုးကြားတက်ကြွမှုကို ချီးကျူးခဲ့သလို အသက် ၃၀ ကျော်မှာ ကောင်းကောင်းကစားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေအတွက် စိုးရိမ်စရာ ဖြစ်နေတဲ့ စာချုပ်ကိစ္စ ဆွေးနွေးမှုတွေအကြောင်း မေးမြန်းခဲ့ရာ ကလော့ပ်က ဆာလာနဲ့တုန်းက အမှားကို မာနေးနဲ့ ထပ်မဖြစ်ချင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

“ ဟုတ်ပါတယ်။ မာနေးက သူအလိုရှိရင် ၃၀ ကျော်တဲ့အထိ ဆက်ကစားနိုင်ပါတယ်။ ဒါက ကျွန်တော့်အမှားပါပဲ။ ကျွန်တော် မိုရဲ့ စာချုပ်အခြေအနေနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို အမှားတစ်ခု ပြောခဲ့မိတယ်။ အဲ့ဒါက နားလည်မှုလွဲစရာတွေ ဖြစ်ခဲ့တာပါ။

အခု မင်းတို့ မာနေးအကြောင်း မေးတယ်။ ကျွန်တော် အရင်တုန်းကလိုပဲ တံခါးပိတ်ထားမှာပါ။ အဲ့ဒီ့လို ဆွေးနွေးညှိနှိုင်းမှု ကိစ္စတွေအကြောင်း ဘာမှ မပြောချင်ဘူး။ ကျွန်တော်တို့မှာ သတင်းထူး ရှိလာရင် ခင်ဗျားတို့ကို အရင်ဆုံး အသိပေးမှာပါ။ အဲ့ဒီ့မတိုင်ခင်အထိတော့ စောင့်ကြတာပေါ့ ” လို့ ကလော့ပ်က ပြောပါတယ်။

ဒါပေမယ့် ဆာလာလိုပဲ မာနေးဟာ အသက် ၃၀ ကျော်အထိ ဆက်ကစားဖို့ လုံလောက်တဲ့ စိတ်အားထက်သန်မှု ရှိတယ်ဆိုတာ ကလော့ပ်က ယုံကြည်နေဆဲ ဖြစ်တယ်။ မာနေးရဲ့ မယုံနိုင်စရာ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုနဲ့ ပတ်သက်ပြီး ကလော့ပ်က

“ ဆာဒီယိုမာနေးရဲ့ အရည်အသွေးအကြောင်းကို ကျွန်တော်တို့ ပြောနေစရာတောင် မလိုပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒါက လုံးဝ မယုံနိုင်စရာပဲ။ နောက်ဆုံး နှစ်လအတွင်း ဖြစ်ပျက်ခဲ့တဲ့ အရာတွေက သူ့အတွက် အားတက်စရာတစ်ခု ဖြစ်ခဲ့တယ်။

သူ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ကျန်တာကတော့ ကျွန်တော်တို့ ကြည့်ရမှာပါ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုက သူ့ရဲ့ အာရုံစူးစိုက် နှစ်မြုပ်ထားမှုကို ပြသနေတယ်။ သူက ပါရမီရှင်တစ်ယောက်လည်း ဟုတ်ပါတယ်။

ဆာဒီယိုလိုမျိုး လိုက်ပြီး လေ့ကျင့်ရုံနဲ့ ဘယ်တော့မှ သူ့လို ဖြစ်လာမှာ မဟုတ်ပါဘူး။ သူက ကောင်းချီးပေးခံထားရတာပါ။ အဲ့လိုပဲ သတ်မှတ်ပါတယ်။ သူက အများကြီး ကြိုးစားအားထုတ်တယ် ဆိုပေမယ့် ကံလဲကောင်းပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။