အန်ဖီးမှာ လီဗာပူးကို အနိုင်ကစားမယ်လို့ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရား ကြွေးကြော်

ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားက ဒီကနေ့ည လီဗာပူးကို ရင်ဆိုင်ကစားရာမှာ အနိုင်ယူပြီး ပရိသတ်တွေအတွက် အင်အားဖြစ်အောင် လုပ်ဆောင်ပြပါမယ်လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ထုတ်ပြောလာပါတယ်။

အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားစဉ် လီဗာပူးကို ၅-၀ နဲ့ အရေးနိမ့်ခဲ့တာကို ကစားသမားဘဝ အနိမ့်ပါးဆုံး အခြေအနေအဖြစ် မက်ဂွဲရားက နာမည်တပ်ခဲ့ပြီး ဒီတစ်ကြိမ်မှာ လက်စားချေမယ်ဆိုတဲ့ သဘောတွေ ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။

” အဲ့တာက အနိမ့်ဆုံး အခြေအနေပါ။ ဘောလုံးရာသီရဲ့ အနိမ့်ဆုံး အခြေအနေ၊ ကျနော် ကစားသမားဘဝရဲ့ အနိမ့်ပါးဆုံး အခြေအနေဖြစ်ပါတယ်။ ကျန်တဲ့ အသင်းဖော်တွေအတွက်လည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။

လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲလိုမျိုး ပွဲကောင်းတွေကို ကစားဖို့မှာ ဘာလုံ့ဆော်မှုမှ ထပ်ပြီး မလိုပါဘူး။ ဒါက ကြီးမားတဲ့ ပြိုင်ဆိုင်မှုပါ။ ယူနိုက်တက်လို အသင်းကို ပြောင်းလာပြီဆိုရင် ကမ္ဘာအကြီးမားဆုံး ပြိုင်ဆိုင်မှုတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ ဒီပြိုင်ဆိုင်မှုအကြောင်း သိဖို့လိုပါတယ်။ ဒီပွဲက ကျနော်တို့ စောင့်မျှော်နေတဲ့ပွဲဖြစ်ပါတယ်။

တစ်ခုခုရဖို့အတွက် ကျနော်တို့က ကိုယ်ရဲ့ အကောင်းဆုံးတွေ ကြိုးစားဖို့ လိုအပ်မယ်ဆိုတာကို သိပါတယ်။ အဲ့အတွက်လည်း ကျနော်တို့ ပြင်ဆင်ထားပါတယ် ” လို့ မက်ဂွဲရားက ဆိုခဲ့တယ်။

ဒီရာသီမှာ လီဗာပူးအသင်းက ဆုဖလားလေးလုံးအတွက် အားထုတ်နေပေမယ့် ယူနိုက်တက်ကတော့ အဆင့်လေးရရင်ကို အောင်မြင်တဲ့ ဘောလုံးရာသီတစ်ခု ဖြစ်နေမှာပါ။ မဟာပြိုင်ဘက်ရဲ့ ချန်ပီယံမျှော်လင့်ချက်တွေကို ရပ်တန့်ရေးက ယူနိုက်တက်အတွက် လုံ့ဆော်မှုဖြစ်မလားလို့ မေးခံရချိန်မှာ မက်ဂွဲရားက အခုလို ဆက်ပြောခဲ့ပါတယ်။

မက်ဂွဲရားကပဲ ” လီဗာပူးရဲ့ ဆုဖလားလေးလုံး အောင်မြင်ရေးကို ရပ်တန့်ဖို့ဆိုတာက လုံ့ဆော်မှု အစိတ်အပိုင်းဖြစ်မယ်လို့ မထင်ပါဘူး။ အန်ဖီးကိုသွားပြီး လီဗာပူးကို ရင်ဆိုင်ကစားရမှာ၊ ပရိသတ်တွေနဲ့ ယူနိုက်တက်အတွက် ပွဲကို အနိုင်ယူပြီး ရမှတ် ၃ မှတ် ယူဖို့ကတင်ပဲ လုံ့ဆော်မှုဖြစ်နေပါပြီ။

ခက်ခဲတဲ့ ဘောလုံးရာသီကို ကျော်ဖြတ်နေရချိန်မှာ ပရိသတ်တွေက ကျနော်တို့နဲ့ အံ့မခန်း အတူရှိပေးခဲ့ပါတယ်။ ကျနော်တို့အတွက်က အန်ဖီးကို သွားရောက်ပြီး ကစားပုံကောင်းကောင်း ကစားဖို့နဲ့ အနိုင် ၃ မှတ်ယူဖို့ပါပဲ။ အဲ့တာက ပရိသတ်တွေအတွက် ကြီးမားတဲ့ အားတက်မှုတွေ ဖြစ်စေပါလိမ့်မယ်။ ဒါကပဲ ကျနော်တို့အတွက် လုံ့ဆော်မှုဖြစ်မယ် ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။