မန်စီးတီးကို ဖိအားပေးဖို့ ကလော့ပ်ရဲ့ စိန်ခေါ်မှု၊ ဒီယက်စ်ပေးတဲ့ စွမ်းအင်အကြောင်း ဂျိုတာ ထုတ်ပြော

လီဗာပူးအသင်းဟာ ဒီရာသီမှာ မန်စီးတီးကို စိန်ခေါ်နိုင်ဖို့အတွက် ရာသီဝက်အတွင်း ကလော့ပ်ရဲ့ တွန်းအားပေးမှုတွေက အဓိကကျခဲ့တယ်လို့ ဂျိုတာက ပြောပြပါတယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာကာလမှာ ဒဏ်ရာပြဿနာတွေ၊ ကိုဗစ်ကိစ္စတွေနဲ့ အတော်လေးကို ရှုပ်ထွေးခဲ့ပြီး ရလဒ် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ အဲ့အနေအထားကနေ ပြန်လာရေးအတွက် ကလော့ပ်ရဲ့ စိတ်ခေါ်မှုကပဲ အသင်းကို လှုပ်နိုးခဲ့တာဖြစ်တယ်။ ဆက်တိုက် နိုင်ပွဲတွေ ပြန်ရယူခြင်းနဲ့အတူ အသင်းဟာ မန်စီးတီးကို ဖိအားပေးနိုင်ခဲ့ပါတယ်။

ဂျိုတာက ” ကျွန်တော်တို့ အမြဲတမ်း အနိုင်ရချင်ပါတယ်။ ဒါပေမယ့် ပွဲတွေအများကြီး ရှိနေတဲ့အခါ ဒီဇင်ဘာက အမြဲတမ်း ခက်ခဲတဲ့ ကာလတစ်ခုပါ။ တခါတလေ အနားယူဖို့ အချိန်လုံလုံလောက်လောက် မရဘူး။ ကျွန်တော်တို့မှာ ဒဏ်ရာ ပြဿနာတချို့၊ ပွဲပယ်တချို့ ရှိခဲ့တယ်။ ခက်ခဲတဲ့ ကာလတစ်ခုပါပဲ။

အဲ့ဒီ့ကြားကနေ ဆက်ရှင်သန်ဖို့ လိုအပ်ခဲ့တယ်။ စီးတီးက အဲ့ဒီ့ကာလတွေမှာ အနည်းငယ် အသာစီး ရခဲ့ပေမယ့် အဲ့နောက်မှာ ကျွန်တော်တို့ကလည်း အသင်းကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ယူရမယ့် မစ်ရှင်လုပ်မယ်ဆိုပြီး ယာဂင် ပြောခဲ့တာကို မှတ်မိပါတယ်။ အဲ့တုန်းက ဘရန့်ဖို့ဒ်နဲ့ပွဲဖြစ်မယ် ထင်ပါတယ်။

အဲ့နောက်ပိုင်း ကျွန်တော်တို့ ဆက်တိုက် အနိုင် ၃ မှတ်တွေ ရယူခဲ့တယ်။ နိုင်ပွဲတွေ ဆက်တိုက် ယူနိုင်တာက ကျွန်တော်တို့ကို ပထမနေရာနဲ့ နီးစပ်သွားစေတာပဲ။ အခု ကျွန်တော်တို့ သူတို့တွေ အမှတ်လျော့ဖို့ကို ထပ်စောင့်ဖို့ လိုသလို ကိုယ့်အလုပ်ကိုယ် သေချာအောင် လုပ်ဖို့လည်း လိုတယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ် ၇ ပွဲဆက်တိုက် အနိုင်ရဖို့က မလွယ်ကူပါဘူး ” လို့ ရှင်းပြခဲ့တယ်။

တစ်ရာသီလုံး ကစားသမားတွေကို စိတ်ခွန်အားပေးဖို့ ကြိုးစားခဲ့တဲ့ ကလော့ပ်နဲ့ ပတ်သက်ပြီးလည်း ဂျိုတာက

” လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့၊ မှန်ကန်တဲ့အချိန်တွေမှာ မှန်ကန်တဲ့အရာတွေ ပြောဖို့ နည်းပြကြီးကို အားကိုးလို့ရပါတယ်။ ကျွန်တော်တို့မှာ အဲ့လို နည်းပြတင်မက သူလိုချင်တာကို လုပ်နိုင်တဲ့ အသင်းတစ်သင်းလည်း ရှိပါတယ်။ ကျွန်တော်တို့ ဒီနောက်ဆုံးတစ်လခွဲမှာ အရာအားလုံးအတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်တို့ လုပ်နိုင်တယ်လို့ ထင်ပါတယ် ” လို့ ပြောဆိုခဲ့တယ်။

တိုက်စစ်မှာ လီဗာပူးကိုရောက်လာပြီး နောက်ပိုင်း သက်ရောက်မှုကြီးတွေ ပြသနေတဲ့ လူးဝစ်ဒီယက်စ်နဲ့ ပတ်သက်လို့က

” ဒါက ကစားသမားရဲ့ပုံစံနဲ့ အများကြီး သက်ဆိုင်ပါတယ်။ သူက အသင်းနဲ့ အံကိုက်ဖြစ်သွားတာပါ။ အချိန်တိုင်းမှာ သူ ပေးနေတဲ့ အင်အားက ကျွန်တော်တို့ လိုအပ်ခဲ့တဲ့ အရာပါပဲ။ သူ ကွင်းထဲ ရောက်လာတဲ့ အချိန်တိုင်း စွမ်းအင်တွေ ယူလာပေးဖို့ သူ့ကို အားကိုးနိုင်တယ်ဆိုတာ သိပါတယ်။ ဒီလို မြင့်မားတဲ့ အင်အား အဆင့်အတန်းက ကျွန်တော်တို့အသင်းရဲ့ ထူးခြားတဲ့ လက္ခဏာပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။