NEWS: Standard Chartered နေရာ အစားထိုးမယ့် ဂျာစီ စပွန်ဆာသစ် ရှာဖွေနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လာမယ့် ဘောလုံးရာသီ အကုန်မှာ သက်တမ်းကုန်တော့မယ့် ကလပ်ရဲ့ ဂျာစီ စပွန်ဆာ Standard Chartered နဲ့ စာချုပ်သစ်ကိစ္စ စကားပြောနေသလို အခြားသော အဖွဲ့တွေနဲ့ ချိတ်ဆက်မှုတွေလည်း ပြုလုပ်နေပါတယ်။

The Athletic ရဲ့ ဖော်ပြမှုအရ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီက လီဗာပူးအသင်းနဲ့ စာချုပ်သစ် လက်မှတ်ထိုးရေးအတွက် အခုချိန်ထိ သဘောတူညီမှု မရထားပါဘူး။ ဒါကြောင့်ပဲ မာဆေးဆိုဒ် ကလပ်ဟာ အခြားသော အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှု ရဖို့ကိုလည်း ကြိုးစားအားထုတ်နေပါတယ်။

၂၀၁၀ မှာတော့ လီဗာပူး စပွန်ဆာအဖြစ် Carlsberg နေရာမှာ Standard Chartered ပါဝင်လာခဲ့ပြီး ဂျာစီရှေ့မှာ ၎င်းအဖွဲ့နာမည်ကို ပြောင်းလဲ အသုံးပြုလာခဲ့တာပါ။ ကနဦးမှာတုန်းက တစ်နှစ်ကို ပေါင် သန်း ၂၀ ပဲ ဖြစ်ပေမယ့်လို့ ၂၀၁၈ တုန်းက နောက်ဆုံး ချုပ်ဆိုထားတဲ့ စာချုပ်မှာတော့ နှစ်ဆထိ တန်ကြေး တက်လာခဲ့ပါတယ်။

လီဗာပူးနဲ့ ဆယ်စုနှစ်ကြာ လက်တွဲလာတဲ့ Standard Chartered ကြား စာချုပ်ဟာ ၂၀၂၃ ခုနှစ် နွေမှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးနေဆဲဖြစ်ပေမယ့် အဆုံးသတ် သဘောတူညီမှုတော့ မရသေးပါဘူး။ လီဗာပူးဘက်ကတော့ အခြားသော ကုမ္ပဏီတွေနဲ့ အကြိုသဘော ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် စာချုပ်သစ်ချုပ်တုန်းကလည်း စာချုပ် ၁၂ လကျန်မှ နှစ်ဖွဲ့ကြား သဘောတူညီမှု ရယူခဲ့ပြီး ၄ နှစ် သက်တမ်းတိုးခဲ့တာဖြစ်တယ်။ ဒါကြောင့် လီဗာပူးအသင်းနဲ့ Standard Chartered ကြားမှာ သဘောတူညီမှုရမယ့် အလားအလာတော့ ရှိနေဆဲဖြစ်ပါတယ်။ စာချုပ်သစ် ချုပ်ဆိုခဲ့ရင် လီဗာပူးဘက်က တစ်ရာသီ ပေါင် သန်း ၄၀ ထက် ပိုတဲ့ ပမာဏကို တောင်းဆိုမှာဖြစ်တယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ ဂျာစီစပွန်ဆာအဖြစ် TeamViewer နဲ့ တစ်နှစ်ကို ပေါင် ၄၇ သန်း ရနေတာဖြစ်ပြီး မန်စီးတီးကတော့ Etihad Airways ကနေ တစ်နှစ်ကို ပေါင် ၄၅ သန်း ရနေတာဖြစ်တယ်။ ၎င်းတို့ဟာ သက်ဆိုင်ရာ စပွန်ဆာတွေကို နှစ်ရှည် သဘောတူညီမှုတွေဖြင့် ချုပ်ဆိုထားတာပဲ ဖြစ်ပါတယ်။