အန်ဖီးကနေ အနိုင်သုံးမှတ်ယူပြီး မန်ချက်စတာကို ပြန်နိုင်ဖို့ မျှော်လင့်ထားကြောင်း ဒီဂီယာ ဆို

ယူနိုက်တက် ဂိုးသမား ဒီဂီယာက တန်းဆင်းဇုန် ကလပ်ဖြစ်တဲ့ နောဝစ်ချ်ကို အိမ်ကွင်းမှာ ၃-၂ နဲ့ အနိုင်ရလိုက်တာက ၎င်းတို့ အသင်းကို ယုံကြည်မှုတွေ ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

ကြားရက်မှာတော့ ယူနိုက်တက်ဟာ လီဗာပူးအသင်းရဲ့ အိမ်ကွင်း အန်ဖီးထံ လာရောက်ကာ ပရီးမီးယားလိဂ်ပွဲ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ နှစ်သင်းကြားမှာ ရမှတ်အားဖြင့် ၁၉ မှတ် ကွာဟနေကာ လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ဖလား ကြိုးစားမှုကို ဟန့်တားရေးကော၊ အဆင့်လေးဝင်ခွင့်အတွက်ပါ ယူနိုက်တက်ဘက်က ရလဒ်တစ်ခုခုကို မျှော်လင့်နေမှာဖြစ်တယ်။

ယူနိုက်တက်ဟာ ၂၀၁၆ ဇန်နဝါရီတုန်းက အန်ဖီးကွင်းမှာ လီဗာပူးအသင်းကို အနိုင်ရပြီးတဲ့ နောက်ပိုင်း ရလဒ်ကောင်းတွေ မျှော်လင့်နိုင်ဖို့ ဝေးကွာလာနေခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ အနိုင်ရလဒ်ထိ ရယူနိုင်ဖို့ကို ဒီဂီယာက ယုံကြည်ချက်တွေ ထားရှိနေတာပါ။

နောဝစ်ချ်ကို အနိုင်ရအပြီးမှာ ဒီဂီယာက “ လီဗာပူးနဲ့ပွဲက ကျနော်တို့အတွက် ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ လီဗာပူးကို ရင်ဆိုင်ကစားရတာက အမြဲတမ်း စပယ်ရှယ် ပွဲပါပဲ။ အဝေးကွင်းဖြစ်နေရင်တောင်ပေါ့။ အန်ဖီးမှာသွားပြီး ယှဉ်ပြိုင်ကစားရတာက ကောင်းမွန်ပါလိမ့်မယ်။

ကျနော်တို့ ကြည့်ကြတာပေါ့။ အဲ့ကိုသွားပါမယ်။ ဒီနေ့ နိုင်ပွဲကပဲ အင်္ဂါနေ့မှာ အသင်းကို ဆက်လုပ်နိုင်အောင် ယုံကြည်မှုတွေ ပေးနိုင်ဖို့ မျှော်လင့်တယ်။ ပွဲကို အနိုင်ရအောင် ကစားပြီး မန်ချက်စတာကို အနိုင်ရမှတ်တွေ သယ်ပြန်လာနိုင်ဖို့ မျှော်လင့်ထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲမှာ ၂ ပွဲကို အနိုင်ထားတာဖြစ်တယ်။ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ နောဝစ်ချ်ကို အနိုင်ရလိုက်ခြင်းက သူတို့အသင်းကို ယုံကြည်မှုတွေ ပေးခဲ့ဟန်ရှိတာပဲ ဖြစ်ပါတယ်။