ကာရာဘောင်းဖလား ရှုံးကြွေး အက်ဖ်အေဖလားမှာ ပြန်ဆပ်မယ်လို့ လောတပ်ချိစ် သတိပေး

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချယ်ဆီးက ပဲလေစ့်ကို ၂-၀ နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့် လီဗာပူးအသင်းနဲ့ တစ်ကျော့ပြန် ရင်ဆိုင်ရပါလိမ့်မယ်။

အဆိုပါပွဲမှာ ဦးဆောင်ဂိုး စသွင်းခဲ့တဲ့ လော့တပ်ချိစ်ကတော့ လီဗာပူးအသင်းကို ကာရာဘောင်း ဖလားမှာ အရေးနိမ့်ခဲ့မှုအား လက်စားချေလိုစိတ်တွေ ပြင်းပြနေတယ်။ ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ လီဗာပူးအသင်းဟာ ဒီနှစ် အစောပိုင်းမှာ ချယ်ဆီးကို ဝင်ဘာလေမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲ၊ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာတွေမှာ ဆက်ရှိနေကာ သမိုင်းဝင် အောင်မြင်မှု ရယူနိုင်ရေး အရေးကြီးတဲ့ ကာလကို ရောက်နေခဲ့ပါပြီ။

ကာရာဘောင်းမှာ ထိပ်တိုက်တွေ့ခဲ့ကြစဉ် ပွဲကောင်းတစ်ပွဲကို ကစားခဲ့ရကာ ချယ်ဆီးက အနိုင်ရခဲ့သင့်တယ်လို့ လော့တပ်ချိစ်က မြင်ပါတယ်။ ဒီအတွက်လည်း အက်ဖ်အေဖလားမှာ သက်သေပြဖို့ သူက စိတ်အားထက်သန်နေပါတယ်။

လော့တပ်ချိစ်က ” မနေ့တုန်းက လီဗာပူးအသင်း ဗိုလ်လုပွဲ တက်သွားတာ ကျနော်တို့ မြင်ခဲ့ပါတယ်။ ကျနော်တို့ သူတို့ကို လက်စားပြန်ချေလိုပါတယ်။ ရိုးရိုးလေးပါပဲ။

ပြီးခဲ့တဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ကျနော်တို့ ပွဲကောင်းတစ်ပွဲ ကစားခဲ့တယ်လို့ ခံစားရပါတယ်။ ရလဒ်ကတော့ ကျနော်တို့ အနိုင်ရခဲ့သင့်ပါတယ်။ ဒီတစ်ကြိမ် ဗိုလ်လုပွဲကို ကျနော်တို့ စောင့်မျှော်နေမှာ ဖြစ်သလို ကျနော်တို့ရဲ့ လက်စားချေမှုကို ပြန်ရယူနိုင်ဖို့ မျှော်နေမှာပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်လုပွဲကိုတော့ မေလ ၁၄ ရက်နေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လီဗာပူးနဲ့ ချယ်ဆီးတို့အတွက် တူညီတဲ့ လက်မှတ်ခွဲတမ်းတွေ ရရှိမှာပဲ ဖြစ်ပါတယ်။