ဂိုးပေါက်ပျောက်နေတဲ့ ဆာလာကို ဘာလို့ မဝေဖန်သင့်သလဲ သူ့အမြင်ကို ထရန့် ရှင်းပြ

တိုက်စစ်မှာ ဂိုးပေါက်ပျောက်နေခြင်းအတွက် ဆာလာကို ဝေဖန်နေကြခြင်းဟာ မမျှတပါကြောင်းနဲ့ မကြာခင်မှာ ဆာလာဟာ သွင်းဂိုးတွေ ပြန်ရလာမှာဖြစ်ကြောင်း ကလပ် အသင်းဖော် ထရန့်က ထောက်ခံစကား ပြောဆိုပါတယ်။

ဆာလာဟာ လီဗာပူးအသင်းရဲ့ နောက်ဆုံး ၁၀ ပွဲမှာ open play ကနေ ဂိုးသွင်းယူနိုင်ခြင်း မရှိပါဘူး။ တိုက်စစ်သမားဟာ နောက်ဆုံးအကြိမ်အားဖြင့် ပြီးခဲ့တဲ့လ ဘရိုက်တန်နဲ့ပွဲမှာ ဂိုးရယူအပြီး ၆ ပွဲဆက်တိုက် ဂိုးမိုးခေါင်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးနဲ့ စာချုပ်သစ် မရခြင်းဟာ ဆာလာရဲ့ ခြေစွမ်းကို ထိခိုက်စေတယ်ဆိုတဲ့ မှတ်ချက်တွေလည်း များပြားလာခဲ့ပါတယ်။

ထရန့်ကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးက ဆာလာဖြစ်သလို ဂိုးထောက်ပံ့မှု အများဆုံးမှာလည်း ထိပ်ဆုံးနေရာထက် တစ်ကြိမ်ပဲ လျော့နည်းတာကို ထောက်ပြခဲ့တယ်။ အဲ့လို သိပ်ကောင်းတဲ့ မှတ်တမ်းတွေကြောင့်ပဲ အခုလို ပွဲစဉ် အနည်းငယ် ဂိုးပေါက် ပျောက်ချိန်မှာ လူတိုင်းက မျက်ခုံးပင့်ကြည့်စရာ ဖြစ်လာနေတယ်လို့ ညာအစွန်လူက မြင်ပါတယ်။

ဆာလာအပေါ် ဝေဖန်စကားတွေနဲ့ ပတ်သက်လို့ ထရန့်ကပဲ ” အဲ့တာက မမျှတဘူးလို့ ထင်မိပါတယ် ” လို့ ပြောပါတယ်။ ဆက်ပြီး ” သူရောက်နေတဲ့ အဆင့်အတန်းတွေကြောင့်၊ သူဟာ သူ့ အောင်မြင်မှုတွေရဲ့ သားကောင်းဖြစ်နေရပါတယ်။ ဆာလာဟာ သွင်းဂိုး အများဆုံး ကစားသမားဖြစ်နေဆဲပါ၊ ဂိုးထောက်ပံ့မှုမှာလည်း အမြင်ဆုံးဖြစ်နေတဲ့ ကျနော်ထက်တောင် တစ်ကြိမ်ပဲ ပိုနည်းပါတယ်။

လူတွေက သူဟာ ဆိုးရွားတဲ့ ပုံစံတွေ ပြသနေတယ်လို့ ပြောကြတယ်။ သူက ချန်ပီယံလိဂ်ရဲ့ သွင်းဂိုး အများဆုံး ကစားသမားတွေထဲမှာ ပါဝင်နေပါတယ်။ ကုန်ခဲ့တဲ့ ၅ ရာသီလောက်မှာ အသင်းအတွက် သူလုပ်ပြခဲ့တာတွေက မယုံနိုင်စရာပါပဲ။

ဒီမှာ လူတွေက ဆာလာဟာ ဆိုရွားတဲ့ အချိန်ကို ကျော်ဖြတ်နေရတယ်လို့ ပြောဆိုနေတာက မျှတခြင်း မရှိပါဘူး။ အသင်းအတွက် သူ ဂိုးတွေ ပြန်သွင်းနိုင်မယ်ဆိုတာကို ကျနော်တို့ ယုံကြည်ထားပါတယ်။ သူဂိုးတွေ ပြန်သွင်းနိုင်ဖို့ဆိုတာက အချိန်လေးတစ်ခုပဲ လိုတာပါ ” လို့ ကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က ထရန့် ကိုယ်တိုင်ကလည်း ဝေဖန်သူတွေရဲ့ ပစ်မှတ်ထားခြင်းကို ရင်ဆိုင်ထားရသူဖြစ်တယ်။ သူဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးထောက်ပံ့မှု အမြင့်ဆုံး ကစားသမား ဖြစ်နေပေပမယ့် မန်စီးတီးပွဲမှာ ပေးလိုက်ရတဲ့ ဒုတိယဂိုးအတွင်း ခံစစ်ကစားပုံ မကောင်းခဲ့ဘူးလို့ စွပ်စွဲခံထားရတယ်။

ထရန့်ကတော့ ဝေဖန်မှုတွေကို ကြံ့ကြံခံရင်း အသင်းနဲ့အတူ ဆုဖလားတွေ ဆက်လက် ရယူဖို့ ရည်မှန်းနေတာပဲ ဖြစ်ပါတယ်။