လီဗာပူးအသင်းရဲ့ ဖလားလေးလုံး မျှော်လင့်ချက်ကို ဖျက်ဆီးပြမလား မေးခွန်းထုတ်ခံရတဲ့ တူချယ်

ပဲလေစ့်ကို အနိုင်ယူပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ချယ်ဆီးဟာ နောက်တစ်ကြိမ်အဖြစ် လီဗာပူးအသင်းနဲ့ ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းက သမိုင်းဝင် ဆုဖလားလေးလုံး အောင်မြင်ရေး ကြိုးစားနေခြင်းဟာ ဗိုလ်လုပွဲမှာ သူတို့ကို အနိုင်ယူဖို့ ချယ်ဆီးအတွက် တွန်းအားဖြစ်မလားလို့ စကိုင်းစပေါ့ကနေပြီး ချယ်ဆီးနည်းပြ တူချယ်ကို မေးမြန်းခဲ့တယ်။

ချယ်ဆီးနည်းပြ တူချယ်က ” သူတို့ရဲ့ အခြားသော ဆုဖလားပြိုင်ပွဲတွေအကြောင်း ကျနော် ဂရုမစိုက်ပါဘူး။ ပြီးခဲ့တဲ့ ဗိုလ်လုပွဲမှာ လီဗာပူးကို ရင်ဆိုင်ရင် ကျနော်တို့ အရေးနိမ့်ခဲ့တယ်။ ဒါပေမယ့် အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ အဲ့တာက ပွဲကောင်းဖြစ်ခဲ့ပြီး ပင်နယ်ထီ အဆုံးသတ်ထိ ယှဉ်ပြိုင်ခဲ့ရတယ်။

အဲ့ရလဒ် အလှည့်အပြောင်း ပြန်ဖြစ်တာမျိုးကို ကျနော်တို့ လိုချင်ပါတယ်။ ဒါပေမယ့် အဲ့တာက ကျနော်တို့ကို ကာရာဘောင်းဖလား ပြန်မပေးတော့ပါဘူး။ အခု ကျနော်တို့ ဗိုလ်လုပွဲကို ရောက်နေပြီ။ မနှစ်တုန်းကလည်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို ရောက်ခဲ့ပါတယ်။ ဒါက ကျနော်တို့အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။

အက်ဖ်အေဖလားဟာ ကမ္ဘာအစဉ်အလာ အကြီးဆုံးနဲ့ ဂုဏ်အရှိဆုံး ဆုဖလား ဖြစ်ပါတယ်။ ပွဲတွေ အများကြီး ကစားဖို့လည်း မရှိတော့ပါဘူး။ ဒါကြောင့်ပဲ ကျနော်တို့ အရမ်း ကျေနပ်နေတာပါ။ ကောင်းကောင်းလည်း ပြင်ဆင်ဖို့ လိုပါမယ်။ ဘာလို့လည်းဆိုတော့ ကျနောတို့က ပုံစံကောင်းတွေ ရနေတဲ့ ကမ္ဘာအင်အားအတောင့်တင်းဆုံး အသင်းတွေထဲက တစ်သင်းကို ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲက ခက်ခဲပါလိမ့်မယ်။ သူတို့ကို ခက်ခဲသွားအောင် လုပ်နိုင်ဖို့ ကျနော်တို့ ကြိုးစားရပါလိမ့်မယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဘောလုံးရာသီ အဆုံးမသတ်ခင်မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ရင်ဆိုင်ကစားရမှာဖြစ်ကာ မေလ ၁၄-၁၅ ရက် ဝန်းကျင်မှာ ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲအပြီး ဘောလုံးရာသီ အဆုံးသတ်အဖြစ် ပရီးမီးယားလိဂ် နောက်ဆုံးပွဲ ရှိမှာဖြစ်ကာ နောက်တစ်ပတ် အကြာမှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာပဲ ဖြစ်ပါတယ်။