မန်စီးတီးနဲ့ အက်ဖ်အေဖလားပွဲအတွက် ပွဲထွက်လာနိုင်တဲ့ လီဗာပူး လူစာရင်း (၂) မျိုး

ဒီကနေ့ည မြန်မာစံတော်ချိန် ၉ နာရီ၊ ဝင်ဘာလေကွင်းမှာ လီဗာပူးနဲ့ မန်စီးတီးတို့ဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ သရေရလဒ် မရှိတော့ပါဘူး။ ရလဒ် မပြတ်သားဘူးဆိုရင် အချိန်ပို မိနစ် ၃၀ နဲ့ ပင်နယ်တီ အဆုံးအဖြတ်ကို ရောက်သွားနိုင်တယ်။ လီဗာပူးအသင်းဟာ ဒီနောက်ပိုင်းပွဲတွေမှာ ခံစစ်က ဂိုးတွေ ပြန်ပေးနေရပြီး ဒီအနေအထားကို ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Team News

  • ဘင်ဖီကာနဲ့ပွဲတုန်းက အသေးစားဒဏ်ရာကြောင့် ဂျိုတာ ပါဖို့ မသေချာပါဘူး။
  • မာတစ်ဟာ တစ်ပတ်အတွင်း ၃ ပွဲဆက်တိုက် ကစားရဖွယ် မရှိဘူး။
  • သီယေဂို အပါအဝင် အနားရထားတဲ့ ကစားသမားတွေ ကြံ့ခိုင်နေတယ်။
  • ဆာလာ၊ မာနေးတို့ကို ဘယ်သူနဲ့ တွဲပေးမလဲက မေးခွန်းကြီးဖြစ်ပါတယ်။

Possible starting XI

အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ရောက်နေခြင်းဟာ ဆုဖလားတစ်လုံးနဲ့ လက်တစ်ကမ်းအကွာဖြစ်လို့ မန်နေဂျာကလော့ပ်က တောင့်တင်းတဲ့ လူစာရင်း ထုတ်လာဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လို့ ပုံမှန်အားဖြင့်ဆိုရင် အက်ဖ်အေဖလားဟာ ကလပ်ရဲ့ ဦးစားပေး ဆုဖလားတော့ မဟုတ်ပါဘူး။ ဒီပွဲပြီးလို့ ကြားရက်မှာ ယူနိုက်တက်ကို ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲ ရှိသေးတာကြောင့် ပွဲထွက်လူစာရင်းဟာ အပြောင်းအလဲတွေ ရှိနိုင်ပါသေးတယ်။

Option 1

ဂိုးသမား အယ်လီဆန်ကို ထုတ်သုံးပြီး ဗဟိုခံစစ်မှာတော့ ဗန်ဒိုက်နဲ့ ကိုနတေးကို တွဲဘက်ပေးကာ ထရန့်၊ ရိုဘိုတို့ကို အစွန်တွေမှာ ကစားစေဖို့ ဖြစ်ပါတယ်။ ကွင်းလယ်မှာတော့ ဖာဘင်ညိုကို အထိုင်ထားပြီး သီယေဂို၊ ကိတ်တာတို့ဖြင့် ပွဲထုတ်ပါမယ်။ တိုက်စစ်မှာတော့ ဆာလာ၊ မာနေးကို ဖာမင်နိုနဲ့ တွဲပေးဖို့ဖြစ်ပါတယ်။ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ဟာ ပွဲကြီးတွေမှာ တွဲကစားခွင့်မရတာ ကာလတစ်ခု ရှိခဲ့ပါပြီ။

Option 2

ဂိုးသမား အယ်လီဆန်၊ ဘယ် ညာ အစွန်နေရာတွေမှာ ရိုဘိုနဲ့ ထရန့်ကို ထည့်သွင်းပါမယ်။ ဗဟိုခံစစ်အတွဲအဖြစ်တော့ ဗန်ဒိုက်ကို ဂိုးမက်စ်နဲ့ တွဲပေးဖို့ဖြစ်ပါတယ်။ ကွင်းလယ်မှာ တိုက်စစ် ကစားခြင်းထက် နည်းစနစ်ပိုင်းဆိုင်ရာ စည်းစနစ်ပိုင်း ပိုမို ကောင်းမွန်တဲ့ ဖာဘင်ညို၊ သီယေဂို၊ ဟန်ဒါဆန် အတွဲကို ထုတ်သုံးဖို့ဖြစ်တယ်။ ဒီပွဲမှာ သေချာပေါက် ဆာလာ၊ မာနေး ပါဝင်မှာဖြစ်ပြီး သူတို့နဲ့ တွဲဘက်ပေးမယ့် တိုက်စစ်သမားက ဒီယက်စ်ဆိုရင်တော့ မာနေးဟာ နံပါတ် ၉ နေရာက ကစားရပါမယ်။