အီဂျစ်အသင်းနဲ့ ကျရှုံးမှုကို ဖြေသိမ့်ဖို့ သူ့ရဲ့ ကလပ် မျှော်လင့်ချက်တွေကို ဖွင့်ဟလာတဲ့ ဆာလာ

ဒီရာသီ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ၃၉ ပွဲမှာ ကလပ်အတွက် ၂၈ ဂိုး သွင်းယူခဲ့ပေမယ့်လဲ တောင်ပံကစားသမားဟာ သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေတာကို ဝန်ခံခဲ့ပါတယ်။

“ အာရုံစိုက်ဖို့ ခက်ခဲပေမယ့် အဲ့လောက်လည်း မခက်ပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်လို အာရုံစူးစိုက်ရမလဲ ဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် အနှောင့်အယှက်တွေ အရမ်းများတယ်။ လူတွေက အရာအားလုံးအကြောင်း ပြောကြတယ်။

ကျွန်တော် အာဖရိက နေးရှင်းဖလားမှာ ရှိခဲ့တုန်းကလည်း အသင်းက အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ‘မင်းအဲ့မှာ ဘယ်လောက်ကြာမလဲ။ ဘယ်တော့ပြန်လာမလဲ’ ဆိုပြီး မေးနေကြတာပါပဲ” လို့ ဆာလာက ပြောပြခဲ့တာပါ။

အာဖရိကဖလား ဖိုင်နယ်မှာရော ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာပါ ဆာလာရဲ့ အီဂျစ်အသင်းဟာ ပင်နယ်တီနဲ့ ဆီနီဂေါကို ရှုံးနိမ့်ခဲ့တယ်။ ဆာလာဟာ open play ကနေ လီဗာပူးအတွက် ဂိုးသွင်းပေးနိုင်ခြင်း မရှိတာကက ပွဲမိနစ်ပေါင်း ၇၅၃ မိနစ်ထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူက လက်ရွေးစင်အသင်း နာကျင်မှုကနေ ပြန်လာနိုင်ပါပြီလို့ ဆိုပါတယ်။

“ ကျွန်တော်တို့ အာဖရိကနေးရှင်း ဖလားရဖို့ အရာအားလုံး ကြိုးစားခဲ့ပါတယ်။ ဖိုင်နယ်ထိ ရောက်ပြီးမှ ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တယ်။ ကျွန်တော်တို့ ဖိုင်နယ်ရောက်ဖို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ရတာပါ။ လူတွေက ကျွန်တော်တို့အတွက် ဂုဏ်ယူကြတယ်။ ကမ္ဘာဖလား ခြေစစ်ပွဲမှာလည်း ကျွန်တော်တို့ ပင်နယ်တီနဲ့ ရှုံးခဲ့တယ်။

အခု ကျွန်တော် ကလပ်ကို ပြန်ရောက်ပြီ။ လီဗာပူးအသင်းအတွက် ဆုဖလားတွေ အောင်မြင်စေဖို့ အာရုံစိုက်ရမှာပါ။ ကျွန်တော် အပြည့်အဝ စိတ်နှစ်ထားပါတယ်။ ကျွန်တော် ဘာလိုချင်တယ်၊ ဘယ်လောက် ပရော်ဖက်ရှင်နယ်ပီသလဲ ဆိုတာ ကျွန်တော်သိတယ်။

အရေးအကြီးဆုံးက အသင်းအတွက် အာရုံစိုက်ဖို့ပဲ။ အသင်းဘုတ်အဖွဲ့ရော အသင်းဖော်တွေရော အားလုံးပျော်နေသလို ကျွန်တော်လဲ ပျော်ပါတယ် ” လို့ ဆာလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ လီဗာပူးဟာ ဝင်ဘာလေမှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားရဖို့ရှိနေသလို ဆာလာအနေနဲ့ အဲ့ဒီ့ပွဲမှာ ပါဝင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။