ဒီရာသီ လီဗာပူးအသင်း ဆုဖလား ဘယ်နှလုံး ယူနိုင်မလဲ လက်တွေ့ကျကျ ပြောလိုက်တဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီမှာ ဆုဖလား လေးလုံး အနိုင်ရဖို့ သူကိုယ်တိုင်က မစဉ်းစားသလို ဘယ်သူမှလည်း မစဉ်းစားကြဖို့ သတိပေးလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဆုဖလား ၄ လုံးကို အောင်မြင်နိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့်လို့ လမ်းကြောင်းပေါ်မှာ ရှိနေတာက အနိုင်ရဖို့ ရေပန်းစားခြင်း မဟုတ်သလို အနိုင်ရခြင်းလည်း မဟုတ်ပါဘူး။ ကလော့ပ်ကတော့ အနည်းဆုံး ဆုဖလား တစ်လုံး ထပ်ပြီး အနိုင်ရရေးကိုပဲ အာရုံစိုက်လိုနေတာ ဖြစ်ပါတယ်။

ကလော့ပ်က ‘ ကောင်လေးတွေအတွက် ကျနော် အရမ်း ပျော်မိပါတယ်။ ဒီလိုအသင်းမှာ ကျနော်တို့ ဘိုးဘွားတွေ မလုပ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခုကို လုပ်နိုင်ဖို့ ကြိုးစားရတာက သိပ်ကို ခက်ခဲပါတယ်။ ဒီလို အထူးစပယ်ရှယ် ကိစ္စကြီးကို လီဗာပူးအသင်းမှာ ဘယ်သူကမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း အထူးစပယ်ရှယ်လို့ ပြောရတာပါ။

ဒါပေမယ့် ဒီနှစ်မှာ ဒီကိစ္စကြီး အောင်မြင်ခဲ့ရင်တောင်မှ အနာဂတ်မှာ ဒီလို အောင်မြင်ဖို့ မလွယ်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒီရာသီက အရမ်းကို ပြင်းထန်ပေမယ့် ပျော်ရွှင်ဖို့ကော စိတ်လှုပ်ရှားဖို့ပါ ကောင်းပါတယ်။ ဆုဖလား ပြိုင်ပွဲ ၄ ခုမှာ ကျနော်တို့ အနိုင်ရနိုင်သလား? မရနိုင်ပါဘူး။ ပြိုင်ပွဲ သုံးခုမှာကော? မဖြစ်နိုင်ဘူး။ နောက်တစ်ခုလောက်ကော? ဖြစ်ဖို့ မျှော်လင့်ပါတယ်။ အဲ့တာဆိုရင် သိပ်ကောင်းမှာပါ။

အမြဲတမ်း အဆင်သင့်ဖြစ်နေဖို့ဆိုတာက သိပ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် အရမ်းကို စိတ်ဝင်စားဖို့ ကောင်းသလို စိတ်လှုပ်ရှားရပါတယ်။ စီးတီးက ရူးလောက်အောင် ကောင်းတယ်။ သူတို့ကို အနိုင်ရရင်တော့ အားလုံး ပြောနေတဲ့ တစ်ရာသီ ဆုဖလားလေးလုံးဆိုတာနဲ့ ၁% လေးတောင်မှ ပိုနီးကပ်မှာ မဟုတ်ပါဘူး။

မန်စီးတီးကို အနိုင်ရမယ်ဆိုတာက အက်ဖ်အေဖလား ဗိုလ်လုပွဲကို ရောက်မယ်ဆိုတဲ့ အဆင့်ပါ။ ဆိုလိုတာက ပဲလေစ့် ဒါမှမဟုတ် ချယ်ဆီးတို့နဲ့ ယှဉ်ပြိုင်ရဦးမှာပါ။ ဘယ်အသင်းကမှလည်း မလွယ်ကူပါဘူး။

ကျနော်တို့ ကစားပွဲအတွက် ပြင်ဆင်မယ်။ အဲ့ပွဲကို ရင်ဆိုင် ယှဉ်ပြိုင်မယ်။ ကွင်းထဲမှာ မှန်ကန်တာတွေ လုပ်ပါမယ်။ ကျနော်တို့ အနာဂတ်ကို ကျော်မကြည့်ပါဘူး၊ ရုပ်လုံး မဖော်ပါဘူး။ အဲ့လိုတွေ လုပ်နေရမှာ မဟုတ်သလို အနည်းဆုံး ကျနော်အတွက် အဲ့လို လုပ်ရမယ့် အခြေအနေ မဟုတ်ပါဘူး ’ လို့ ဖွင့်ဟသွားတာ ဖြစ်ပါတယ်။