ချန်ပီယံလိဂ် ရည်မှန်းချက်၊ ပရိသတ်တွေ ဂုဏ်ပြုတဲ့ သီချင်းတစ်ပုဒ် ရရှိခြင်းအပေါ် ကိုစတက်ရဲ့ ပီတိ

လီဗာပူးနဲ့အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရောက်ခဲ့ပြီးနောက် တူညီတဲ့ စိတ်အားထက်သန်မှု၊ သန္နိဌာန်နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆီမီကက်စ်က ဆိုပါတယ်။

လီဗာပူးဟာ ဖေဖော်ဝါရီမှာ ကာရာဘောင်းဖလား ကိုင်မြှောက်ခဲ့ပြီးတော့ ဒီရာသီအတွက် ဖလားလေးလုံးစလုံးကို အောင်မြင်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ဥရောပ ဆီမီးဖိုငနယ်ကို တက်ရောက်ခဲ့ပြီးတော့ စနေနေ့ ဝင်ဘာလေနဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။

ဘင်ဖီကာနဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဖန်တီးမှုနှစ်ကြိမ် လုပ်ခဲ့ကာ ယူအီးအက်ဖ်အေရဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုရ ဆီမီကက်စ်ကတော့ ပွဲအပြီး အသင်းဝဘ်ဆိုဒ်ကနေ အခုလို ပြောဆိုခဲ့ပါတယ်။

ဒီည အလုပ်ပြီးမြောက်သွားတာက ဘယ်လောက်အရေးပါသလဲ…

ကျွန်တော်တို့ အနိုင်ရချင်ခဲ့တာပါ။ အဆုံးသတ်မှာ သရေကျသွားခဲ့ပေမယ့် ပျော်ပါတယ်။ ကျွန်တော်တို့ နောက်တဆင့် ရောက်သွားခဲ့ပြီ။ ရည်မှန်းချက်တွေ အောင်မြင်ချင်ရင် ဆက်လက်ပြီး အလုပ်ကြိုးစားရမှာပါ။

ကိုယ်ပိုင်ခြေစွမ်းနဲ့ ပတ်သက်ပြီး ကျေနပ်မှု…

ကျွန်တော် အရမ်းကို ပျော်ပါတယ်။ ဖန်တီးမှုနှစ်ကြိမ် လုပ်ပေးနိုင်တဲ့အတွက် ကျေနပ်တယ်။ အလုပ်ကြိုးစားမှုက အရာထင်ခဲ့တာပေါ့။ ဒါက ကျွန်တော် အလုပ် ဆက်ကြိုးစားဖို့ ခွန်အားဖြစ်စေပါတယ်။ ဒီအသင်းအတွက် ကစားပေးရတဲ့ အချိန်တိုင်း ပျော်ရွှင်ရပါတယ်။

ဒုတိယအကျော့က လီဗာပူးရဲ့ကစားပုံ…

ကျွန်တော်တို့ ကောင်းမွန်တဲ့ စွမ်းဆောင်မှုကို ပြသခဲ့ပေမယ့် ခံစစ်မှာ ဆိုးရွားတဲ့ အခိုက်အတန့်တချို့ ရှိခဲ့တယ်။ ဒါပေမယ့် နောက်တဆင့်တက်နိုင်တာက အဓိကပါပဲ။ ကျွန်တော်တို့ လိုချင်တဲ့ အနိုင်ရလဒ်ကို မရခဲ့ပေမယ့် အဆင်ပြေပါတယ်။ နောက်ပွဲတွေကို အနိုင်ရချင်ရင် ပိုပြီး ကြိုးစားရမယ်။

အသင်းအတွက် ကိုယ်တိုင် ကူညီပေးနိုင်တဲ့အပေါ်…

အသင်းအတွက် ကစားပေးရတဲ့ အခါတိုင်း ကျေနပ်ပျော်ရွှင်ရပါတယ်။ အခွင့်အရေးရတိုင်း အကောင်းဆုံး ပေးဆပ်ဖို့ အမြဲကြိုးစားတယ်။ အသင်းအတွက် လုပ်နိုင်တာကို လုပ်ပေးဖို့ ကျွန်တော်အမြဲ အသင့်ပါ။ ကျွန်တော့်ကို အခွင့်အရေးပေးတဲ့ အချိန်တိုင်း ကျွန်တော် အမြဲ ရှိနေမှာဖြစ်ပြီး ဘာလုပ်ပေးနိုင်တယ် ဆိုတာကို ပြသသွားမှာပါ။

ချန်ပီယံလိဂ်မှာ အောင်မြင်မှုရဖို့က…

ဟုတ်ပါတယ်။ ချန်ပီယံလိဂ်ဖလားရဖို့က ကျွန်တော့်ရဲ့ အကြီးမားဆုံး အိမ်မက်ပါ။ ဒီကို ရောက်လာပြီးနောက်ပိုင်း ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါပဲ။ တကယ်ကို လိုချင်ပါတယ်။ ဒါကိုအောင်မြင်ဖို့ အသင်းဖော်တွေနဲ့အတူ အလုပ်ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ နေ့တိုင်း ကြိုးစားအားထုတ်သမျှအတွက် ဒီအောင်မြင်မှုနဲ့ ထိုက်တန်ပါတယ်။

ပြင်းထန်တင်းကျပ်နေတဲ့ ပွဲချိန်ဇယားအပေါ်…..

ဒီနေ့ မြင်တွေ့ခဲ့ရသလိုပဲ အသင်းက လူတိုင်းက စိန်ခေါ်မှုတိုင်းအတွက် အဆင်သင့် ဖြစ်နေတာပါ။ ကျွန်တော်တို့ ခက်ခက်ခဲခဲ ကြိုးစားလေ့ကျင့်တယ်။ ပွဲတိုင်းမှာ ဒါကို ပြသပါတယ်။ ကျွန်တော်တို့ရဲ့ တူညီတဲ့ ရည်မှန်းချက်က ပွဲတွေကိုအနိုင်ရဖို့၊ ကောင်းကောင်း စွမ်းဆောင်နိုင်ဖို့ပါပဲ။

မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အပေါ်…

ဒီပွဲကို ကျွန်တော် မျှော်လင့်နေပါတယ်။ ဒါက သိပ်ကိုခက်ခဲမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အာရုံစိုက်ပြီး ပြင်ဆင်ဖို့ ရက်အနည်းငယ်အချိန်ရသေးတယ်။ ကျွန်တော်တို့ အနိုင်ရဖို့ မျှော်လင့်ပါတယ်။

ကိုယ်ပိုင် လီဗာပူးသီချင်းရှိထားတဲ့အပေါ်…

အဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ နေ့တိုင်းနီးပါး ဒါကို ကျွန်တော် ကြားရတယ်။ ကွင်းထဲမှာ ပရိသတ်တွေ သီဆိုဖို့ မျှော်လင့်ပါတယ်။ ကစားသမားတစ်ယောက်အတွက် အဲ့ဒါက စိတ်ဓာတ်ခွန်အား ပေးပါတယ်။ ပထမဆုံးအကြိမ် ဒီသီချင်းကို ကြားရတဲ့အချိန်က ကျွန်တော့်အတွက် သိပ်ကို ထူးခြားတဲ့ အခိုက်အတန့်ပါပဲ။