လူကျွံဖောက်ထွက်မှု၊ တိုက်စစ် ၅ ဦး၊ ဆီးမီးပွဲတွေနဲ့ ဘင်ဖီကာပွဲအပြီး စကားစမြည်း ပြောစရာများ

ကြီးမားတဲ့ အပြောင်းအလဲ

လူစာရင်း အပြောင်းအလဲတွေ လုပ်လာမယ်ဆိုတာ သိပေမယ့် သိပ်အများကြီး လုပ်လာမယ်တော့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်းမှာ ဗန်ဒိုက်၊ ဖာဘင်ညို၊ မိုဆာလာ၊ မာနေး၊ သီယေဂို၊ ရော်ဘတ်ဆန်နဲ့ ထရန့်တို့ မပါဝင်ခဲ့ကြဘဲ ဖာမင်နို ပြန်ပါလာခဲ့ပြီး ဇန်နဝါရီလလယ် နောက်ပိုင်း ဒုတိယအကြိမ်အဖြစ် မီလ်နာ ပွဲထွက်ခဲ့ရပါတယ်။

အကြာကြီးနေပြီးမှ ဆီမီကက်စ်ကို ပြန်မြင်တွေ့ခဲ့ရသလို ညာခြမ်းမှာ ဂိုးမက်စ်ကို နေရာပေးခဲ့ပါတယ်။ လူစာရင်း အပြောင်းအလဲ သိပ်များတာကြောင့် ကစားဟန် မဆိုးလှပေမယ့် ဘောလုံးပိုင်ဆိုင်မှုက တည်ငြိမ်မှု မရှိခဲ့ဘဲ ဆိုးရွားတဲ့ ဘောလုံးထိချက်တွေနဲ့ ကောင်းတဲ့ ကစားဟန်တွေက ရောထွေးနေခဲ့ပါတယ်။

ဒါပေမယ့် ရုတ်တရတ်ကြီး လူစာရင်း သိပ်ပြောင်းလဲခဲ့တာကြောင့် ကစားပုံ ဟန်ချက်မညီခြင်းမှာ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရပါဘူး။ အဲ့တာကလွဲရင် အင်အားနဲ့ နေရာယူကစားပုံက ကောင်းမွန်ခဲ့တယ်၊ ချိတ်ဆက်ကစားပုံက လက်ခံနိုင်စရာ ရှိခဲ့တယ်။ အကယ်လို့ လူကျွံဖမ်းမှုတွေ ပိုအလုပ်ဖြစ်ခဲ့မယ်ဆိုရင် ချီးကျူးမှုတွေပါ ပုံအောရခဲ့မှာဖြစ်ပါတယ်။

ဒီလူစာရင်း ရွေးချယ်မှုဟာ တစ်သင်းလုံးဟာ အချင်းချင်း ယုံကြည်မှုရှိကြောင်း ပြသခဲ့ပြီး ခုလို ဆုဖလားတွေအတွက် အရေးပါတဲ့ ကာလမှာ အဓိက ကစားသမားတွေကို အနားပေးနိုင်တာက ရာသီနောက်ဆုံး ၆ ပတ်အတွက် အဓိက ကျလာပါလိမ့်မယ်။

စီစဉ်ထားပြီးသား လူစားလဲမှုများ

နည်းဗျူဟာအရနဲ့ ရုပ်ပိုင်းဆိုင်ရာအရ တောင်းဆိုမှုတွေကြောင့် ညာအစွန်လူ နှစ်ယောက်ကို တပွဲလုံး အနားပေးတာက အရေးပါခဲ့ပါတယ်။ ဒါပေမယ့် လူစားလဲခွင့် ၅ ကြိမ်လုံးကို အသုံးပြုခဲ့သလို ပွဲချိန်တစ်နာရီဝန်းကျင်မှာ ပထမဆုံး လူစားလဲမှု ၃ ယောက်ကို ကြည့်မယ်ဆိုရင် ကြိုတင်စီစဉ်ထားတာကို မြင်ရပါလိမ့်မယ်။

လီဗာပူးပရိသတ်တွေက အသင်းဟာ တစ်ပတ်လုံးနားပြီးမှ ပွဲပြန်ကစားတာထက် ပုံမှန်သုံးလေးရက်တိုင်း ပွဲကစားနေရရင် အသွက်လက်ဆုံး၊ အညက်ညောဆုံး ကစားဟန်တွေနဲ့ ဟန်ချက်ညီတာကို သိထားပြီးသား ဖြစ်မှာပါ။ ဒါကြောင့် သီယေဂို၊ ဖာဘင်ညို၊ မာနေးနဲ့ ဆာလာတို့ အားလုံးကို အရန်ခုံကနေ ထကစားစေတာက သိပ်မပင်ပန်းစေပဲနဲ့ ပုံမှန် ကစားအားကိုလည်း ထိန်းသိမ်းပြီး ဖြစ်ပါလိမ့်မယ်။

ဒီပွဲမှာ အနားပေးခံရတဲ့ အဓိက ကစားသမားတွေဟာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာကော ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာပါ ပွဲထွက်လူစာရင်း နေရာကနေ ပါဝင်ကစားမယ်ဆိုတာ မေးခွန်းထုတ်စရာ မရှိပါဘူး။

ခံစစ် ဦးဆောင်သူ ပျောက်ကွယ်နေခြင်း

ဗန်ဒိုက် မပါဝင်တဲ့ ခံစစ်ကြောင်းဟာ အရမ်းကြီး ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး။ သူတို့မှာ လိုအပ်ခဲ့တာက ခံစစ်ကို ဦးဆောင်ပေးမယ့်သူပဲ ဖြစ်ပါတယ်။ ရဲရင့်တဲ့ ကိုစတက်၊ လျှင်မြန်တဲ့ ဂိုးမက်စ်၊ အင်အားကြီးတဲ့ ကိုနတေးတို့ကို ဦးဆောင်ပေးဖို့ရာ မာတစ်ကတော့ မစွမ်းနိုင်ခဲ့ပါဘူး။

လီဗာပူးရဲ့ ပေးဂိုးတွေကို ကြည့်မယ်ဆိုရင် ဂိုးမက်စ်နဲ့ ကိုနတေးတို့က အပိုင် လူကျွံဘော ဖမ်းခဲ့ကြပေမယ့် ကပ်သီးလေး လွှတ်သွားခဲ့တာပါ။ ဒါကို အားနည်းချက်လို့ မြင်မယ့်အစား တွဲဘက်ကစားမှု နည်းပါးတဲ့ ခံစစ်သမားတွေကြားက လိုအပ်ချက်အဖြစ် မြင်ပေးလို့ ရနိုင်ပါတယ်။

အကယ်လို့ ထရန့်၊ မာတစ်၊ ဗန်ဒိုက်၊ ရိုဘိုဆိုတဲ့ ခံစစ်ကြောင်းနဲ့ဆိုရင် ဘင်ဖီကာက အန်ဖီးမှာ ၃ ဂိုး သွင်းနိုင်ဖို့ ခက်ခဲမယ်ဆိုတာ အသင်းပရိသတ်တိုင်း ခံစားမိကြမှာပါ။

တိုက်စစ်ကစားသမား ငါးယောက်နဲ့ ကစားကွက်

ပွဲထွက်တိုက်စစ်သမား သုံးယောက်နေရာအတွက် ပရိသတ်တွေက ဘယ်သူ့ကို ပိုသဘောကျပါစေ နည်းပြကလော့ပ် အနေနဲ့ ဘယ်သူ့ကို ပွဲထုတ်ရမလဲ အမြဲတမ်း အကျပ်ရိုက်နေတော့မှာပါ။ တိုက်စစ်ကစားသမား ၅ ယောက်လုံးဟာ ပွဲထွက်ခွင့်အတွက် ထောက်ခံပေးမယ့် ကိုယ်ပိုင် ပရိသတ်တွေ အခိုင်အမာ ရှိလာနေပါပြီ။

ဂျိုတာဟာ အတော်ဆုံး တိုက်စစ်သမား မဟုတ်ပေမယ့် ဂိုးရှေ့က သူ့ရဲ့ တည်ငြိမ်မှု၊ အဆုံးသတ်နိုင်စွမ်း၊ အန္တရာယ်ပေးနိုင်တဲ့ ခံစစ်လုပ်အားတွေက အံ့အားသင့်စရာပါ။ ဒီရာသီမှာ ဖာမင်နိုရဲ့ ဂိုးသွင်းနှုန်းကလည်း သိပ်ကောင်းနေပြီး ဒီနေ့ပွဲက ဘရာဇီးသား သွင်းယူတဲ့ နောက်ထပ် သွင်းဂိုးနှစ်ဂိုးကလည်း အန္တရာယ်ရှိတဲ့ နေရာတွေမှာ သူဘယ်လောက်ထိ ကောင်းကောင်း လှုပ်ရှားနိုင်စွမ်းရှိသလဲကို ပြသခဲ့ပါတယ်။

ဇန်နဝါရီမှာ ရောက်လာကတည်းက ပရိသတ်အကြိုက်ဖြစ်ပြီးသား ဒီယက်စ်နဲ့ ပတ်သက်ပြီး သိပ်ပြောစရာ မလိုပါဘူး။ မာနေးနဲ့ ဆာလာတို့ကလည်း လီဗာပူးရဲ့ အဓိက တိုက်စစ်သမား နှစ်ဦးဖြစ်ပါတယ်။ မိုဟာ သွင်းဂိုးအတွက် နည်းနည်း ရုန်းကန်နေရပေမယ့် မန်စီးတီးပွဲမှာ မာနေးအတွက် အကောင်းဆုံး ဖန်တီးပေးခဲ့သလို ဘင်ဖီကာပွဲမှာလည်း အသင်းရဲ့ ကစားပုံမှာ အတော်လေး ပါဝင်ပတ်သက်ခဲ့ပြီး ဂိုးရဖို့ နှစ်ကြိမ် နီးစပ်ခဲ့ပါတယ်။

တိုက်စစ်သမား ၅ ယောက်ထဲက ပွဲနေ့ လူစာရင်းမှာ ကျန်ခဲ့တဲ့ ၂ ဦးဟာ ခြေစွမ်း မကောင်းလို့ မဟုတ်ဘဲ နည်းစနစ်ပိုင်းအရ ဘယ်အချိန် ဝင်လာမလဲကိုတောင် အာရုံစိုက်နေကြရမှာ ဖြစ်ပါတယ်။

နောက်ထပ် စီးတီးနဲ့ ဆီမီးဖိုင်နယ်ပွဲ

ဒီတစ်ကြိမ်တော့ စီးတီးနဲ့ သရေကျလို့ မရတော့ပါဘူး။ ဖိုင်နယ်ရောက်မလား ဒါမှမဟုတ် ဖလားလေးလုံး မျှော်လင့်ချက်မှာ သုံးလုံးပဲ ကျန်တော့မလား။ တခုခု ဖြစ်တော့မှာပါ။ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ ကစားသမားတွေကို အနားပေးခဲ့ပေမယ့် စီးတီးမှာတော့ အဓိကကစားသမားတွေ အသေးစား နာကျင်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

အက်ဖ်အေဖလား ဆီမီးမှာ တွေ့ရမယ့် ပြိုင်ဘက်က စီးတီးဖြစ်နေတာကြောင့် အရှေ့ကို အများကြီး မျှော်ကြည့်နေလို့ မရပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဗီလာရီးရဲလ်နဲ့ တွေ့ရမယ်ဆိုတာ အားလုံးလည်း သိထားပါတယ်။ သူတို့ဟာ ဂျူဗင်တပ်နဲ့ ဘိုင်ယန်တို့ကို ဖြုတ်လာတာကြောင့် အထင်သေးလို့ မရပါဘူး။

ဧပြီလကို အကောင်းဆုံး ကိုင်တွယ်နိုင်မယ်ဆိုရင် လီဗာပူးဟာ နောက်တကြိမ် ဝင်ဘာလေက ဖိုင်နယ်ပွဲကို သွားဖို့၊ ဥရောပဖလားဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။