တိုက်စစ်မှူး မိုဆာလာက ရာသီကုန်တိုင်းမှာ အောင်မြင်ဖို့ ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြန်သုံးသပ်ပြီး ရာသီသစ်အတွက် ရည်မှန်းချက်တွေ တည်ဆောက်ဖို့ ကမ်းခြေမှာ တစ်ယောက်ထဲ ထိုင်ရင်း အချိန်တချို့ ကုန်ဆုံးလေ့ရှိကြောင်း ပြောပြခဲ့ပါတယ်။
အသက်က ၂၉ နှစ်အရွယ် ကစားသမားဟာ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ကလပ်ကို ရောက်လာပြီးကတည်းက လီဗာပူးနဲ့အတူ ကြီးမားတဲ့ အောင်မြင်မှုရခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု နှစ်ကြိမ်ရခဲ့သလို ဒီရာသီမှာလည်း တစ်ဦးချင်း ဆုတံဆိပ်ကို ထပ်မံကိုင်မြှောက်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
သူဟာ ကွင်းထဲက အောင်မြင်မှုတွေအတွက် ဘာက အထောက်အပံ့ပေးခဲ့တာလဲ ဆိုတာအတွက် အခုလို ရှင်းပြခဲ့ပါတယ်။
“ ကျွန်တော်က ကိုယ့်ကိုယ်ကို အရမ်း ရိုးသားတယ်။ ရာသီတစ်ခု ပြီးဆုံးတိုင်း ကျွန်တော် ထိုင်ပြီး ဘာတွေ တိုးတက်ပြောင်းလဲရမလဲ ဆိုတာကို ပြန်သုံးသပ်တယ်။ အားလပ်ရက်မှာ ကျွန်တော် တစ်ယောက်ထဲပဲ။ ပင်လယ်ကြီးကိုကြည့်ပြီး အနာဂတ်မှာ ဘာတွေ တိုးတက် ပြောင်းလဲချင်တယ်ဆိုတာကို ချရေးတယ်။
ကျွန်တော် ကိုယ့်ကိုယ်ကို ပိုပြီး ပွင့်လင်းရိုးသားလေလေ၊ ပိုကောင်းလေပါ။ ကျွန်တော် အများကြီး ရေးဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ် ထပ်မံအောင်မြင်ဖို့အကြောင်း ကျွန်တော်ရေးတယ်။ အဲ့ဒါက ရာသီအတွင်းမှာ ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားပေးတယ်။
ကိုယ့်ဘာသာ ရာသီကောင်းတစ်ခု ရရှိတယ်လို့ မြင်တယ်။ တစ်ဦးချင်း ဆုတံဆိပ်တွေ အောင်မြင်ချင်ရင် အသင်းလိုက် အောင်မြင်မှုရဖို့ လိုတယ်လို့ ထင်ပါတယ်။
ဒီမှာ ပထမရာသီတုန်းက ကျွန်တော် ၄၄ ဂိုးသွင်းခဲ့တယ်။ ဒါကြောင့် အသင်းနဲ့အတူ ဒီအရာတွေကို အောင်နိုင်ရင် တစ်ဦးချင်းဆုတွေလည်း အောင်နိုင်ပါတယ်။ ဒီရာသီမှာ တစ်ဦးချင်း အောင်မြင်မှုအတွက် အထောက်အပံ့ဖြစ်စေမယ့် ကြီးမားတဲ့ ဆုဖလားတွေ ရရှိဖို့ မျှော်လင့်ပါတယ် ” လို့ ဆာလာက ပြောပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် ၃၉ ပွဲမှာ ကလပ်အတွက် ၂၈ ဂိုး သွင်းယူခဲ့ပေမယ့် တောင်ပံကစားသမားဟာ သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေတာကို ဝန်ခံခဲ့ပါတယ်။
“ အာရုံစိုက်ဖို့ ခက်ခဲပေမယ့် အဲ့ဒါက မခက်ပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်လို အာရုံစူးစိုက်ရမလဲဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် အဲ့ဒါက ခက်တယ်။ အနှောင့်အယှက်တွေက အရမ်းများတယ်။ လူတွေက အရာအားလုံးအကြောင်း ပြောကြတယ်။
ကျွန်တော် အာဖရိက နေးရှင်းဖလားမှာရှိခဲ့တုန်းက အသင်းက အဆင်ပြေခဲ့နေခဲ့ပမယ့် ‘အဲ့မှာ ဘယ်လောက်ကြာမလဲ။ ဘယ်တော့ပြန်လာမလဲ’ ဆိုပြီး အမြဲ မေးခံနေရတာပါပဲ ” လို့ ဆာလာက ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။