ငါတို့ရဲ့ အက်ဖ်အေဖလား ပြိုင်ဘက်တွေကမှ လီဗာပူးရဲ့ ချန်ပီယံလိဂ် ပြိုင်ဘက်တွေထက် ပိုခက်ဦးမယ်ဆိုတဲ့ အဲဗာတန်ပရိသတ်များ

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘင်ဖီကာကို နှစ်ကျော့ပေါင်း ၆-၄ နဲ့ အနိုင်ရတဲ့နောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆီးမီးဖိုင်နယ်မှာတော့ လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ အနိုင်ရမယ်ဆိုရင် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး အတွဲက တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။ လီဗာပူးရဲ့ ချန်ပီယံလိဂ်လမ်းကြောင်းကို မြင်တွေ့ရတဲ့နောက် အဲဗာတန်ပရိသတ်တွေက စိတ်ပျက်စကားအချို့ ပြောဆိုခဲ့ကြပါတယ်။

အကြမ်းဆုံး ဒါဘီပြိုင်ဘက်ဖြစ်ပေမယ့် အရင်းနှီးဆုံး အိမ်နီးနားချင်းတွေလို့ တင်စားခံရတဲ့ မာဆေးဆိုဒ်ဒါဘီ နှစ်သင်းဟာ ဒီရာသီမှာတော့ မိုးနဲ့ မြေလို ကွာခြားတဲ့ ဘောလုံးရာသီကို ပိုင်ဆိုင်နေတာပါ။ လီဗာပူးက ဆုဖလား ၄ လုံး လမ်းကြောင်းမှာ ရှိနေချိန်မှာ အဲဗာတန်ကတော့ တန်းဆင်းဇုန်း မရောက်ဖို့ ရုန်းကန်နေရတာဖြစ်တယ်။

လီဗာပူးရဲ့ ချန်ပီယံလိဂ် လမ်းကြောင်းဟာ လွယ်ကူလွန်းတယ်လို့ ယူဆတဲ့ အဲဗာတန် ပရိသတ်အကောင့်က ” အဲဗာတန်ရဲ့ အက်ဖ်အေဖလား ပွဲစဉ်တွေကမှ ဒီရာသီ လီဗာပူးရဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေထက် ပိုခက်ခဲပါဦးမယ် ” လို့ ငြီးတွားခဲ့တယ်။

သူ့ရဲ့ ပြောဆိုမှုကို အဲဗာတန် ပရိသတ် အများအပြားက ထောက်ခံစကားတွေ ပြောဆိုရာကနေ နှစ်သင်းပရိသတ်တွေ အပြန်အလှန် ပြောဆိုမှုတွေ ရှိခဲ့ကြတယ်။ လီဗာပူးပရိသတ်တွေကတော့ အဲဗာတန်က ချန်ပီယံလိဂ်အကြောင်း ထုတ်ပြောဖို့ မတန်ပါဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

တကယ်တမ်းမှာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ အကြပ်တည်းဆုံး အုပ်စုအဖြစ် အက်သလက်တီကို၊ အေစီမီလန်၊ ပေါ်တို တို့နဲ့ အတွဲကျခဲ့ရာမှာ အုပ်စုတွင်း ၆ ပွဲလုံး အနိုင်ရခဲ့တာပါ။ ၁၆ သင်း အဆင့်မှာတော့ အီတလီချန်ပီယံ အင်တာမီလန်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ရှုံးထွက်တွေမှာ လီဗာပူးအသင်းဟာ ထိပ်သီးအသင်းတွေနဲ့ ကျရောက်နိုင်တဲ့ ဇာတာတွေ ရှိခဲ့ပေမယ့် အံ့သြရစွာပဲ ပြိုင်ဘက်တွေက အသင်းကြီးတွေကို ဖြုတ်လာခဲ့ကြတာဖြစ်တယ်။ ဘင်ဖီကာက အေဂျက်ကို အနိုင်ယူလာခဲ့သလို ဆီမီးဖိုင်နယ်အဆင့် ပြိုင်ဘက် ဗီလာရီးရဲလ်ဆိုရင် ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ရလာခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ ၂၀၀၅ ခုနှစ်တုန်းက ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ဝင်ရောက်နိုင်ရေး ခြေစစ်ပွဲအဆင့်ကနေ ယှဉ်ပြိုင်ခဲ့ရသေးတာပါ။ ဒါပေမယ့်လို့ လာလီဂါကလပ် ဗီလာရီးရဲလ်ကို အရေးနိမ့်မှုနဲ့အတူ ခြေစစ်ပွဲ အဆင့်ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။