ဗီလာရီးရဲလ်ကို လျှော့မတွက်ဖို့ သတိပေးတဲ့ ဖာဒီနန်၊ ပွဲပြီးမှာ ချက်ချင်း တုန့်ပြန်ခဲ့တဲ့ ကလော့ပ်

လီဗာပူးအသင်းဟာ ညက ဘင်ဖီကာနဲ့ ၃-၃ သရေကျသွားသော်လည်း နှစ်ကျော့ပေါင်း ရလဒ် အရ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် သို့ တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ် မှာတော့ ဘိုင်ယန်မြူးနစ်ကို ကွာတားမှာ အနိုင်ယူကျော်ဖြတ်လာတဲ့ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင် ကစားရမှာပါ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှုးဟောင်း ရီယို ဖာဒီနန်က ဒီရာသီ ဗီလာရီးရဲလ် စွမ်းဆောင်ပြထားတာကို အထင်ကြီး သဘောကျနေပြီး ယာဂင်ကလော့ပ် အနေနဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်ကို လျှော့ မတွက်နဲ့လို့ ညက ပွဲပြီးမှာ သတိပေးခဲ့ပါတယ်။

” အူနိုင်း အမ်မရီ ကို သတိထားပါ။ သူ့ရဲ့ ဥရောပ မှတ်တမ်းတေ်ွက တကယ့် အံ့ဖွယ်ပဲ။ ကျနော်က တကယ့် အချက်အလက်ကို ထောက်ပြတာနော်။ ” လို့ ဖာဒီနန်က ဆိုခဲ့တာပါ။

လီဗာပူးနည်းပြ ကလော့ပ်ကလည်း ဆီမီးဖိုင်နယ် ပွဲမှာ တွေ့မယ့် ဗီလာရီးရဲလ်ကို လျှော့တွက်မှာ မဟုတ်ဘဲ နည်းပြ အမ်မရီ အစွမ်းကိုလည်း သိထားကြောင်း ဘင်ဖီကာနဲ့ ပွဲအပြီးမှာ ဆိုကာ ဖာဒီနန် သတိပေးမှုကို တုန့်ပြန်ခဲ့ပါတယ်။

” ခုနေ ဗီလာရီးရဲလ်က ဘယ်လို၊ ဘယ်ညာ ပြောနေရင် သိပ်ထူးဆန်းနေမှာပေါ့။ ကျနော် သူတို့ ပွဲ ရလဒ်တွေကို တွေ့ပါတယ်။ ပွဲတွေကတော့ အထင်ကြီးစရာပါ။ သူတို့ ဂျူဗင်တပ်ကိုရော ဘိုင်ယန်မြူးနစ်ကိုပါ အနိုင်ယူ ကျော်ဖြတ် လာတာ ဖြစ်လို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို ထိုက်ထိုက်တန်တန် ရောက်လာတဲ့ အသင်းပါ။

အူနိုင်း အမ်မရီ ဆိုရင်လည်း ဖလားတွေရဲ့ ဘုရင်ပဲ။ သူ လုပ်ဆောင်နေတာတွေက မယုံနိုင်စရာပဲ။ ဒါပေမယ့် ကျနော်တို့ သူတို့နဲ့ ရင်ဆိုင်ဖို့ မှန်မှန်ကန်ကန် ပြင်ဆင်သွားမှာပါ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်တွေက ဧပြီ နောက်ဆုံးပတ်မှာ စတင် ကစားရမှာ ဖြစ်လို့ လီဗာပူးဟာ အဲဒီမတိုင်ခင် အက်ဖ်အေဖလား ပွဲနဲ့ ပရီးမီးယားလိဂ် ပွဲတွေကိုလည်း အာရုံစိုက် ကစားရဦးမှာ ဖြစ်ပါတယ်။