သူ့ရဲ့ အပိုင်ကန်ချက်ကြီးကို အယ်လီဆန် ဖမ်းသွားတာအတွက် အံ့အားသင့်နေတဲ့ နူညက်

ဘင်ဖီကာတိုက်စစ်သမား နူညက်က လီဗာပူးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာ သူ့ရဲ့ သွင်းဂိုးကို အယ်လီဆန် ကာကွယ်ခဲ့တဲ့အပေါ် မယုံနိုင်အောင် ဖြစ်နေခဲ့ပါတယ်။

ဘင်ဖီကာဟာ လီဗာပူးအသင်းနဲ့ ၃-၃ သရေကျတဲ့ထိ ကစားနိုင်ခဲ့ကာ နူညက်ကလည်း သွင်းဂိုး တစ်ဂိုး ရယူခဲ့တာပါ။ သူဟာ သရေကျနေပြီးတဲ့နောက် အတော်ကောင်းတဲ့ အနေအထားကနေ လီဗာပူး ဂိုးပေါက်ထဲကို ခပ်ပြင်းပြင်း ကန်ထည့်ခဲ့တာက ဂိုးအောက် ထောင့်တည့်တည့်ကို ဝင်ရောက်ခဲ့ပေမယ့် ဂိုးစည်းနားမှာတင် အယ်လီဆန်က ပုပ်ထုတ်ပြီး ထပ်ဆင့် ဖမ်းသွားခဲ့တာပါ။

နှစ်ကျော့ပေါင်း ၆-၄ နဲ့ လီဗာပူး အနိုင်ရတဲ့ အဆိုပါပွဲမှာ အယ်လီဆန်ရဲ့ ကာကွယ်မှုကို နူညက်က အထင်ကြီးစွာ ချီးကျူးခဲ့တာဖြစ်တယ်။ အကယ်လို့ အဆိုပါဂိုး ဝင်သွားခဲ့မယ်ဆိုရင် ပွဲအခြေအနေက အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။

နူညက်က ” အယ်လီဆန် ကာကွယ်ခဲ့တာက မယုံနိုင်စရာကြီးပါဗျာ။ ကျနော် ကျိန်ပြောရဲတယ်၊ ဂိုးက ဝင်နေပြီဆိုတာကို မြင်ခဲ့တယ်။ ဒါပေမယ့် ဂိုးတော့ မဝင်ခဲ့ပါဘူး ” လို့ ရှင်းပြခဲ့တာဖြစ်တယ်။

ဒီရာသီ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ ကျော်သွင်းထားတဲ့ နူညက်ဟာ နွေမှာတော့ အသင်းပြောင်းဖို့ စီစဉ်ထားခဲ့ပြီဖြစ်တယ်။ ဥရောပရဲ့ အလားအလာ အရှိဆုံး လူငယ်တိုက်စစ်သမားတွေထဲက တစ်ဦးဖြစ်တဲ့ သူ့ကို ကလပ်အများအပြားက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

နူညက် အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ကြောင်းကို အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကပဲ ” ဒါဝင် နူညက်က ဒီနွေမှာ ဘင်ဖီကာကနေ ထွက်ခွာပါလိမ့်မယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၈၀ ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့်အသစ်က အခွင့်အလမ်းတွေကို ရှာဖွေနိုင်ဖို့ များစွာသော ထိပ်တန်းအသင်းတွေနဲ့ တွေ့ဆုံသွားတော့မှာ ဖြစ်ပါတယ် ” လို့ ထုတ်ဖော်ခဲ့ပါတယ်။