ဆီမီးဖိုင်နယ်ရောက်လို့ မပျော်ဘူးဆိုရင် ငါ့ကိုပဲ လာရိုက်သွားပါတော့ဆိုတဲ့ ကလော့ပ်

အန်ဖီးကွင်းမှာ ဘင်ဖီကာကို ၃-၃ သရေကျခြင်းအတွက် အသင်းသားတွေကို အပြစ်တင်ဖို့ကို ယာဂင်က ငြင်းဆန်ခဲ့ပါတယ်။

မန်နေဂျာကလော့ပ်ဟာ ဒီပွဲမှာတော့ မန်စီးတီးပွဲတုန်းက လူစာရင်းကို အပြောင်းအလဲ အများကြီး ပြုလုပ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ အထူးသဖြင့် ခံစစ်မှာ တစ်ကြိမ်မှ ပွဲမထုတ်ဖူးတဲ့ လူစာရင်းတစ်ခုကို ထုတ်သုံးခဲ့ပြီး ဗန်ဒိုက်၊ ထရန့်၊ ရိုဘိုတို့ကို အနားပေးခဲ့တာဖြစ်တယ်။

ကြံ့ခိုင်မှုအရရော ပွဲဆက်တွေရှိနေချိန်မှာ ပွဲထိတွေ့မှု ပေးလိုခြင်းကြောင့်ပါ ဂိုးမက်စ်၊ ကိုစတက်တို့ကို ထုတ်သုံးခဲ့ခြင်းဖြစ်တယ်။ ခံစစ်တန်းက လူကျွံဖမ်းရာမှာ အားနည်းချက်တွေ ရှိခဲ့တာကြောင့် ၃-၁ ဦးဆောင်ထားမှုကနေ ၃-၃ ရလဒ် ပြန်ဖြစ်ခဲ့ပေမယ့် ဒါက ဖြစ်နိုင်တဲ့ အခြေအနေဖြစ်ပြီး ဆီမီးတက်ဖို့ကပဲ အရေးအကြီးဆုံးပါလို့ မန်နေဂျာက ပြောပါတယ်။

ကလော့ပ်က ” ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ရောက်လို့မှ မပျော်နိုင်ဘူးဆိုရင် ကျေးဇူးပြုပြီး လာပဲ ရိုက်သွားလိုက်ပါတော့။ ကျနော်တို့ အပြောင်းအလဲ ၇ ခု လုပ်ခဲ့တယ်။ အခြေအနေက နောက်ဆုံး ခံစစ်လိုင်းဟာ တစ်ကြိမ်မှ အတူ တွဲမကစားဖူးပါဘူး။ ဒီတော့ ကိစ္စတွေကို ရာနှုန်းပြည့် အာရုံစိုက်ဖို့ပါပဲ။

ကျနော်တို့ လိုချင်တဲ့အတိုင်း အတိအကျတော့ မဖြစ်ခဲ့ဘူး။ ဒါပေမယ့် ဒီရာသီရဲ့ အကောင်းဆုံး ပွဲတစ်ပွဲကို ကစားလို့လည်း ဗိုလ်လုပွဲကိုတက်ဖို့ အခွင့်အရေး ပိုရမှာမျိုး မဟုတ်ပါဘူး။ ကျနော်တို့ ဆီမီးကို ရောက်ပြီးပဲ ဒါကပဲ အရေးအကြီးဆုံးပါ။ ကျနော် တကယ်ကို ပျော်မိပါတယ်။

ကျနော်တို့ သိတဲ့ ကိစ္စ တစ်ခုကတော့ နောက်ဆုံး ခံစစ်တန်းဟာ တစ်ကြိမ်မှ တွဲမကစားဖူးပါဘူး။ ဗန်ဒိုက်လို ကစားသမား မပါဘူးဆိုရင် ဒီလိုဖြစ်မှာက ပုံမှန်ပါပဲ။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ဘင်ဖီကာက ဆက်ပြီး ယုံကြည်ပြီး ဆက်ပြီး ယှဉ်ပြိုင်ခဲ့တယ်။ ဒါပါပဲ။ အရေးကြီးတာက ကျနော်တို့ အပြောင်းအလဲတွေ လုပ်ပေမယ့်လို့ ဆက်ပြီး အောင်မြင်ခဲ့ပါတယ်။ အဲ့တာဆို အဆင်ပြေပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီအပတ်မှာပဲ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ကာ အင်ပြည့် အားပြည့် ဆက်ပြီး ယှဉ်ပြိုင်နိုင်ဦးမှာပဲ ဖြစ်ပါတယ်။