ဘင်ဖီကာပွဲ အမှားကို ထောက်ပြပြီး ဗီလာရီးရဲလ်က ထိပ်တန်း နှစ်သင်းကို ဖြုတ်လာတာလို့ သတိပေး

အန်ဖီးကွင်းမှာ ဘင်ဖီကာနဲ့ ၃-၃ သရေကျတဲ့ပွဲအပြီး အသင်းဟာ အားထုတ်မှုကို အပြည့်အဝ ထားရမယ့်အစား စိတ်အေးအေးနဲ့ ကစားခြင်းကြောင့် ဂိုးတွေ ပြန်ပေးခဲ့ရတာလို့ ဟန်ဒါဆန်နဲ့ ဂျိုတာတို့က ပြောဆိုပါတယ်။

လီဗာပူးက ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲကို ဦးဆောင်ခဲ့ပေမယ့် ခံစစ်တန်းက လူကျွံဘော ဖမ်းရာမှာ ခပ်ပါးပါးလေးတွေ လွှတ်ထွက်သွားမှုနဲ့အတူ ခြေပဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်တယ်။ ပွဲက ခရာမမှုတ်ခင် ဘယ်တော့မှ မပြီးသွားဘူးဆိုတာကို သတိပြုမိကြဖို့ ဟန်ဒါဆန်က တိုက်တွန်းခဲ့တယ်။

ဟန်ဒါဆန်က ” အားလုံးကို ခြုံကြည့်မယ်ဆိုရင် ကျနော်တို့ ပိုကောင်းကောင်း လုပ်ချင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ။ ကျနော်တို့ အားလုံးကို အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ သွင်းဂိုး ၂ ဂိုးလောက်လည်း ပိုသွင်းနိုင်ခဲ့သင့်ပေမယ့် အဲ့လို လုပ်နိုင်ဖို့က ခက်ခဲတယ်လို့ ထင်ပါတယ်။ ၃-၁ ဖြစ်နေချိန်မှာ ပွဲက ဘယ်တော့မှ အဆုံးမသတ်သေးပါဘူး။ ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဂျိုတာကလည်း ” ကျနော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အသင်းက အရမ်းကောင်းကောင်း ကစားခဲ့သလို သူတို့က ဘာမှမဟုတ်တဲ့ အနေအထားတွေကနေ သူတို့ရဲ့ သွင်းဂိုးတွေကို ရယူသွားခဲ့တယ်။ ကျနော်တို့ သိပ်ပြီး စိတ်သက်သာရာရနေခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးဆုံးက ကျနော်တို့ နောက်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ ” လို့ ပြောဆိုခဲ့တယ်။

ဆီမီးဖိုင်နယ်ပြိုင်ဘက် ဗီလာရီးရဲလ်နဲ့ ပတ်သက်လို့လည်း ဟန်ဒါဆန်က ” သူတို့က ဂျူဗင်တပ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကို ကျော်ဖြတ်လာတာပါ။ သူတို့က သိပ်ကောင်းတဲ့အသင်းဖြစ်ပြီး ကျနော်တို့ အစွမ်းကုန် ပေးဆပ်ဖို့ လိုပါတယ်။ ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းဟာ ဗီလာရီးရဲလ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တာက ၂၀၁၆ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာဖြစ်ပြီး ဟန်ဒါဆန်ဦးဆောင်တဲ့ အသင်းဟာ လာလီဂါကလပ်ကို ကျော်ဖြတ်နိုင်ခဲ့ကာ ဗိုလ်လုပွဲမှာ ဆီးဗီးလာနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။