ကလော့ပ်နဲ့ ဂွာဒီယိုလာကြား နှိုင်းယှဉ်လို့ မရပါဘူးလို့ ရှင်းပြသွားတဲ့ ဒီဒီ ဟာမန်း

လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ဂျာမာန်သား ကွင်းလယ်လူ ဒီဒီဟာမန်းက ယာဂင်ကလော့ပ်နဲ့ ပက်ဂွာဒီယိုလာကို နှိုင်းယှဉ်လို့ မရဘူးလို့ ယုံကြည်နေပြီး အန်ဖီးမှာ လီဗာပူးနည်းပြ လုပ်ခဲ့တဲ့အလုပ်ဟာ မန်စီးတီးနဲ့အတူ ဂွာဒီယိုလာ လုပ်ပြတာထက် ပိုကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

နည်းပြနှစ်ယောက်ဟာ ဒီကနေ့ ပရီးမီးယားလိဂ်ခေတ်မှာ အင်အားအကြီးဆုံး ကလပ်နှစ်ခုဖြစ်လာရေး ဦးဆောင်နေခဲ့သလို လိဂ်သမိုင်းတစ်လျှောက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတစ်ခုကို ဖန်တီးခဲ့တာပါ။ တနင်္ဂနွေနေ့ သူတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ရာသီအစောတုန်းကလိုပဲ ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

နှစ်သင်းကြားမှာ တစ်မှတ်သာ ကွာခြားတာနဲ့အတူ ဖလားပြိုင်ပွဲက ထပ်မံပြီး နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရဦးမှာပါ။ ၂၀၁၈-၁၉ ရာသီတုန်းကလည်း အလားတူအဖြစ်မျိုး ဖြစ်ခဲ့ပြီး စီးတီးဟာ ရာသီနောက်ဆုံးရက်မှာမှ လီဗာပူးထက်အသာရပြီး ဖလားကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဟာမန်းက ဂွာဒီယိုလာဟာ အမြဲတမ်း အကောင်းဆုံး အသင်းတွေကိုပဲ ကိုင်တွယ်ခဲ့ပြီး ကလော့ပ်ကတော့ အရင်လူတွေ ကျရှုံးခဲ့တဲ့ အရာတွေကို ဘတ်ဂျက် တစ်ဝက်လောက်နဲ့ အောင်မြင်အောင် လုပ်ပြခဲ့တာမို့ ကွာခြားလွန်းတယ်လို့ ယုံကြည်နေပါတယ်။

“ ကာလို အန်ဆလော့တီက လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ချန်ပီယံလိဂ် ရယူပေးခဲ့တဲ့ အသင်းတွေကို ကြည့်လိုက်ပါ။ မော်ရင်ညိုက ပေါ်တို၊ အင်တာမီလန်တို့နဲ့ အောင်မြင်ခဲ့တာပါ။

ပက်က ဘာစီလိုနာနဲ့ အောင်မြင်ခဲ့တယ်။ မြူးနစ်မှာ သူဟာ ချန်ပီယံလိဂ် အောင်မြင်တဲ့ အသင်းတစ်သင်းကို ကိုင်တွယ်ခဲ့ပြီး ၃ နှစ်ကစားခဲ့ပေယ့် ဖိုင်နယ်မရောက်ခဲ့ဘူး။ ၃ ကြိမ်လုံး ဆီမီးအဆင့်နဲ့ ထွက်ခဲ့ရတယ်။ သူထွက်သွားပြီး ၂နှစ်၊ ၃နှစ်လောက်ကြာတော့ ဘိုင်ယန်က ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့တယ်။

ကျွန်တော်ပြောချင်တာက သူက အရင်လူတွေ မလုပ်နိုင်ခဲ့တဲ့ အရာမျိုးကို လုပ်ပြခဲ့တာ မဟုတ်ဘူး။ ကလော့ပ်ကို ကြည့်လိုက်ရင် သူက ဒေါ့မွန်ကို ချန်ပီယံလိဂ်ဖိုင်နယ်ထိ ဆွဲတင်ပေးခဲ့ပြီး ဘွန်ဒက်စ်လီဂါဖလား ရရှိစေခဲ့တယ်။ သူမရှိတဲ့နောက်ပိုင်း ဒေါ့မွန်က အဲ့လောက်ထိ မဖြစ်လာတော့ဘူး။

သူက လီဗာပူးအတွက် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် လိဂ်ဖလား အောင်မြင်စေခဲ့တယ်။ သူက တကယ်ပဲ ကလပ်ကို အဆင့်မြှင့်တင်ပေးခဲ့တာပါ။ သူတို့ကို နှိုင်းယှဉ်လို့ မရဘူးလို့ ကျွန်တော်ထင်တယ်။ လီဗာပူးမှာ ကလော့ပ် လုပ်ခဲ့တာက စီးတီးမှာ ဂွာဒီယိုလာ လုပ်ခဲ့တာထက် အများကြီး ပိုမြင့်မားပါတယ်။

လူတိုင်းက ဂွာဒီယိုလာကို နည်းပြတွေရဲ့ ခေါင်းကိုင်ကြီးအဖြစ် တွေးကြမှာပါ။ ဒါပေမယ့် နောက်ဆုံး ၃ နှစ်အတွင်း သူ့ရဲ့မှတ်တမ်းကို ကြည့်လိုက်ရင် သူက အမှတ် ၁၀၀ နဲ့ စီးတီးကို ဖလား အောင်မြင်စေခဲ့ပေမယ့် ကလော့ပ်က သူသုံးတဲ့ဘတ်ဂျက်ရဲ့ တဝက်တောင်မရှိတဲ့ ပမာဏနဲ့ ၉၈ မှတ်၊ ၉၉ မှတ်တွေ ရယူပေးခဲ့တာပါ။ ဒီရာသီမှာလည်း အတူတူပါပဲ။

ဒါကြောင့် ဘောလုံးလောကအတွက် ဂွာဒီယိုလာ ဘာလုပ်ပေးခဲ့တယ်ဆိုပြီး လူတွေ ဘယ်လို ပြောနေကြမှန်း ကျွန်တော်နားမလည်ဘူး။ ဟုတ်ပါတယ်။ သူတို့က မတူညီတဲ့ အမှတ်တံဆိပ်တွေကို ကိုင်တွယ်နေတာပါ။ ဒါပေမယ့် ဘာစီလိုနာမှာ ဇာဗီ၊ အင်နီယေစတာ၊ ဘူးစကွက်၊ မက်ဆီတို့ မရှိခဲ့ရင် ဂွာဒီယိုလာက အောင်မြင်မှုရခဲ့မှာ မဟုတ်ဘူး။

သူက အမြဲတမ်း အကောင်းဆုံးအသင်းတွေကိုပဲ ကိုင်တွယ်ခဲ့တာပါ။ သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေ၊ သူသုံးခဲ့တဲ့ ပိုက်ဆံတွေအရ သူရခဲ့တဲ့ အောင်မြင်မှုက မလုံလောက်ဘူးလို့ ထင်ပါတယ် ” ဆိုပြီး ဟာမန်းက သုံးသပ်ခဲ့တာဖြစ်ပါတယ်။