အင်္ဂလန်သမိုင်းမှာ ဖလားလေးလုံး ရဖူးတဲ့အသင်း ဘာလို့မရှိလဲဆိုတာ ထောက်ပြခဲ့တဲ့ ယာဂင်

လီဗာပူးရဲ့ ဖလားလေးလုံး မျှော်လင့်ချက်ကို ထိခိုက်စေတယ်လို့ သူယုံကြည်ထားတဲ့ ပွဲချိန်ဇယားနဲ့ ပတ်သက်လို့ အင်္ဂလန်ရုပ်သံဌာနဖြစ်တဲ့ BT Sport ရော ပရီးမီးယားလိဂ်ကိုပါ နည်းပြ ယာဂင်ကလော့ပ်ဟာ ဝေဖန်ခဲ့ပါတယ်။

အရင်က ဘယ်အသင်းကမှ တစ်ရာသီအတွင်း ဖလားလေးလုံးစလုံး မအောင်မြင်ခဲ့တာဟာ ရာသီကုန်ခါနီးမှာ ငွေကြေးအတွက်ပဲ ကြည့်တဲ့ ပွဲချိန်ဇယားတွေနဲ့ လိုက်လျောညီထွေ ကစားဖို့ ခက်ခဲတာကြောင့် ဖြစ်တယ်လို့ လီဗာပူးနည်းပြက ယုံကြည်နေတာပါ။

လီဗာပူးဟာ ဒီနေ့ည ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဘင်ဖီကာနဲ့ တွေ့ဆုံရမှာဖြစ်ပြီး စနေနေ့ ဝင်ဘာလေမှာ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။

လီဗာပူးဟာ နောက်အပတ် အန်ဖီးမှာ ယူနိုက်တက်၊ အဲဗာတန်တို့နဲ့ ကစားရဖို့ ရှိနေပေမယ့် နာချိန်မရှိဘဲ ဧပြီ ၃၀ ရက် အစောပွဲအဖြစ် နယူးကာဆယ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေသေးတာက ကလော့ပ်ကို ဒေါသထွက်စေခဲ့တာဖြစ်ပြီး ပွဲကစားရမယ့် အချိန်တွေကို ဆုံးဖြတ်တဲ့ လူတွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

“ ဖလားလေးလုံးအတွက် တိုက်ပွဲဝင်လို့ မရဘူး။ ကျွန်တော်တို့ ဒီရာသီ ပြိုင်ပွဲလေးခုလုံးမှာ စောစောစီးစီး မထွက်ခွာရတဲ့အတွက် တော်ပါသေးတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ရဲ့ ပွဲချိန်ဇယားက အကျပ်အတည်း ဖြစ်နေတယ်။ ကျွန်တော်တို့ မနက်ဖြန် ပွဲကစားရမယ်။ ဒါက ကျွန်တော်စိုးရိမ်နေတဲ့ တစ်ခုတည်းသောအရာပဲ။ ဘင်ဖီကာနဲ့ ကစားရမယ်။

ပြီးရင် စနေနေ့မှာ မန်စီးတီးနဲ့ ကစားရမယ်။ ပြီးရင် မန်ယူနိုက်တက်၊ အဲဗာတန်နဲ့ ကစားမယ်။ ကျွန်တော်တို့ ဘင်ဖီကာကို ကျော်ဖြတ်နိုင်ရင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် နှစ်ကျော့ ကစားရဦးမယ်။ အဲ့ဒီ့အချိန်လောက်ကျရင် နယူးကာဆယ်နဲ့ကလည်း ၃၀ ရက်နေ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ကစားဖို့ ရှိနေတယ်။

BT Sport နဲ့ ပရီးမီးယားလိဂ်က ကျွန်တော်တို့ကို ဂရုမစိုက်ပါဘူး။ လီဗာပူးက နာမည်ကြီးပြီး လူတိုင်းက သူတို့ကို ကြည့်ချင်တယ်ဆိုပြီးတော့ ပွဲတွေကို မဖြစ်ဖြစ်အောင် ကစားခိုင်းတာပဲ။ ကျွန်တော် ဒေါသထွက်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆီမီးဖိုင်နယ် ကစားရရင် ပွဲစဉ်ဇယားက အဆင်မပြေဘူးလေ။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားရဖို့ ရှိနေတဲ့ အသင်းတစ်သင်းကို စနေနေ့ နေ့လည် ၁၂ ခွဲမှာ ကစားခိုင်းတဲ့ တခြားလိဂ်တစ်ခုခု၊ တခြားရုပ်သံဌာန တစ်ခုခုရှိရင် ပြကြည့်ဦး။ ခြေထောက်ကြားမှာ ဒုတ်တွေညှပ်ပြီး မဖြစ်ဖြစ်အောင် ကစားခိုင်းနေသလိုပဲ။ အဲ့ဒါက ဘာသဘောပဲ။ ဘာလို့ အဲ့လိုလုပ်ရတာလဲ။ ဒါကြောင့်ပဲ ဖလားလေးလုံးရဖို့က အရမ်းခက်နေတာပါ။

အရင်က ဘယ်သူမှ ဖလားလေးလုံး မအောင်မြင်ခဲ့တာလဲဆိုရင် အဲ့ဒီ့ အချိန်ဇယားတွေကြောင့်ပဲ။ မယုံနိုင်အောင် ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲသုံးခုမှာ ရှိနေဆဲဖြစ်ပြီး မန်စီးတီးနဲ့ ကစားရမယ်။ ပြီးခဲ့တဲ့ ပွဲတုန်းက သူတို့နဲ့ ယှဉ်ပြိုင်ကစားရတာ ဘယ်လောက် ခက်ခဲခဲ့တယ်ဆိုတာ အားလုံးအမြင်ပါ။

ကျွန်တော်တို့ ဒီည ဘင်ဖီကာနဲ့ ကစားရဖို့ ရှိနေတဲ့အချိန် တခြားဖလားတွေအကြောင်း ဘယ်လိုစဉ်းစားနိုင်မလဲ။ ချန်ပီယံလိဂ် အောင်မြင်ဖို့အကြောင်း ဘယ်လိုစဉ်းစားနိုင်မလဲ။ ကျွန်တော်တို့က တတ်နိုင်သလေက် ပြိုင်ပွဲထဲမှာ အကြာကြီးရှိနေဖို့ပဲ ကြိုးစားပါတယ်။ ဖိုင်နယ်ထိ ရောက်မရောက်ကတော့ စောင့်ကြည့်ရမှာပေါ့။

ကျွန်တော်တို့မှာ လုံလောက်တဲ့ ကစားသမားတွေ မရှိရင် အခု ဒီမှာတောင် ကျွန်တော် ထိုင်နေနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့မရှိရင် ကျွန်တော်တို့တွေ ချန်ပီယံလိဂ်က ပြုတ်လို့ ကျွန်တော်လည်း အနားရနေမှာမို့ပါပဲ ” လို့ ကလော့ပ်က ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။