လီဗာပူးနည်းပြအဖွဲ့နဲ့ အသင်းသားတွေကြားမှာ ဘာလို့ ဒီယက်စ်က အရမ်း နာမည်ထွက်နေသလဲ

လီဗာပူးရဲ့ ဇန်နဝါရီ လက်မှတ်ထိုး ခေါ်ယူမှုနဲ့ အသင်းကို ရောက်လာခဲ့တဲ့ ဒီယက်စ်ဟာ နည်းပြအဖွဲ့နဲ့ အသင်းဖော်တွေကြားမှာတော့ အတော်လေးကို နာမည်ကြီး ကစားသမားဖြစ်နေပါတယ်။

လီဗာပူးအသင်းမှာ ကာလတိုအတွင်း သူ့လို ပရိသတ်အချစ်ခံရပြီး နည်းပြအဖွဲ့ရဲ့ သဘောကျခံရသူမျိုး အရင်တုန်းက မရှိခဲ့ဖူးပါဘူး။ အသင်းကို သူရောက်လာပြီးတည်းက ပြိုင်ပွဲစုံ ၁၄ ပွဲပဲ ကစားရသေးလို ၈ ပွဲမှာပဲ ပွဲထွက်လူစာရင်းကနေ ပါဝင်ထားနိုင်တာပါ။ ဒီကာလဟာ ဒီယက်စ်က ဘယ်လို ကစားသမားလဲဆိုတဲ့ သက်ရောက်မှုတွေကို မြင်ရဖို့ လုံလောက်မှုကော ရှိရဲ့လား? ဘာလို့ နည်းပြအဖွဲ့က ဒီယက်စ်ကို အရမ်း သဘောကျနေရပါသလဲ?

လီဗာပူးနည်းပြအဖွဲ့က ဒီယက်စ်ကို အရမ်း သဘောကျနေခြင်းက သူ သယ်ဆောင်လာပေးတဲ့ ခြားနားတဲ့ တိုက်စစ်ပိုင်း ရှုထောင့်တွေကဖြစ်ပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးမှာ ဘောလုံးပိုင်ဆိုင်မှု ပြန်လည်အနိုင်ရရေးအတွက် အညှာအတာကင်းလှတဲ့ သူ့ရဲ့ ဖိအားပေးမှုဟာ နည်းပြအဖွဲ့ကို တုန်လှုပ်စေတယ်။

အဓိကအားဖြင့် ဒီယက်စ်ရဲ့ အင်ပြည့်အားပြည့်ရှိမှု၊ ပေါက်ကွဲ ကစားနိုင်မှု၊ အရှိန်နဲ့ ကစာနိုင်ခြင်းအပြင် ရဲရင့်တဲ့ တိုက်ခိုက်လိုစိတ်ဟာ နည်းပြအဖွဲ့ကို ကျေနပ်စေပါတယ်။ “ အဲ့တာတွေက အရည်အသွေးတွေပဲ။ သိပ်ကောင်းတဲ့ ကစားသမားတွေကပဲ ဒီလို ခပ်မြန်မြန်ကြီး အထိုင်ကျလေ့ရှိပါတယ် ” လို့ လီဗာပူး လက်ထောက်နည်းပြ ပပ်လင်ဒါးက The Athletic ကို ပြောပြပါတယ်။

“ ဥရောပက ကစားသမား အနည်းငယ်လောက်ပဲ သူ့လို ချက်ခြင်း အထိုင်ကျသွားတာမျိုး ဖြစ်နိုင်တာကို ကျနော်တို့ သိထားတယ်။ လူးဝစ်ရဲ့ အသားကျသွားမှုက သိပ်ကို ထူးချွန်လှတယ်။ သူက မိနစ် ၉၀ အပြည့်ကို အသင်းဖော်တွေနဲ့ တွဲဘက်ပြီး ကစားနိုင်ဖို့ မယုံနိုင်လောက်တဲ့ စွမ်းရည်တွေ အပြည့်ရှိတယ်။ သူက အဆက်မပြတ် ခြိမ်းခြောက်နိုင်သူဖြစ်သလို နေရာလွန်နဲ့ အချိန်ကို အမြဲ မြင်နိုင်စွမ်းရှိတဲ့ ကစားသမားပါပဲ ” လို့ လင်ဒါးက ဆက်ပြီး ပြောပါတယ်။

မိုက်ကယ် အတ်ဝပ်နေရာ ဆက်ပြီး လီဗာပူးရဲ့ အားကစားဒါရိုက်တာသစ် ဖြစ်လာမယ့် ဂျူလီယန် ဝပ်ဟာ ပေါ်တူဂီနဲ့ တောင်အမေရိကမှာ အဆက်အသွယ်ကောင်းတွေ ရှိထားသူဖြစ်ပါတယ်။ သူရဲ့ အဆက်အသွယ်တွေကြောင့်ပဲ လီဗာပူးအသင်းဟာ ဒီယက်စ်နဲ့ ပက်သက်တဲ့ သတင်းအချက်တွေကို အမြဲ ရနေခဲ့တာဖြစ်တယ်။

လူးဝစ်ကို စပါးလက်ကနေ ကြားဖြတ် ခေါ်ယူနိုင်ရေးမှာ ကိုလံဘီယာ လက်ရွေးစင်နည်းပြထံက အကူအညီရခဲ့သလို လီဗာပူးရဲ့ အာဂျင်တီးနား အခြေစိုက် ကင်းထောက်ဖြစ်သူ Gonzalo Siegrist ကလည်း ဆေးစစ်မှုလို ကိစ္စတွေအတွက် ပါဝင် လှုပ်ရှားပေးခဲ့ပါတယ်။

လီဗာပူးအသင်းက ဒီယက်စ်ကို ဈေးပေါပေါရလို့ဆိုပြီး ဝင်ကမ်းလှမ်းတာတော့ မဟုတ်ပါဘူး။ တကယ်တမ်းမှာ ကလပ်ဟာ ကိုလံဘီယာ တိုက်စစ်သမားကို ၂၀၁၉ ခုနှစ်လောက်တည်းက စတင် ကင်းထောက်ခဲ့တာပါ။ သူ့ရဲ့ အလားအလာကို နှစ်သက်ခြင်းကြောင့် ပထမဆုံးအကြိမ် ချိတ်ဆက်ခင်တွေမှာဆိုရင် ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်းထိ တောင်းဆိုခံရတာဖြစ်တယ်။

ကလပ်နဲ့ အံဝင်နိုင်မလား အခြေအနေတွေကို ကာလရှည် သုံးသပ်ခဲ့သလို ပေါ်တိုအသင်းထံ ရောင်းထုတ်ခဲ့တဲ့ လီဗာပူးကစားသမားဟောင်း ဂရုဂျစ်ထံကနေလည်း ဒီယက်စ်ရဲ့ စိတ်နေစိတ်ထားကို လေ့လာခဲ့ပါတယ်။ နောက်ပြီး ကိုလံဘီယာ ကစားသမားတွေဖြစ်တဲ့ ဖယ်ကာအိုနဲ့ ဂျိမ်း ရိုဒရီဂွက်စ်တို့ကလည်း သူ လီဗာပူးထံ ရောက်ရေးကို ကူညီပေးခဲ့တာတွေ ရှိပါတယ်။

“ ရိုကျိုးမှုရှိတယ်၊ ဟန်ဆောင်မှုကင်းပြီး လက်တွေ့ကျတယ်၊ အသင်းလိုက် ကစားသမားဖြစ်တယ်၊ မောင်းနှင်နိုင်စွမ်းရှိတယ်၊ အမြဲတမ်း အကောင်းမြင်တတ်တယ်၊ အစုအဖွဲ့နဲ့ အလုပ်လုပ်နိုင်စွမ်းရှိတယ် ” အစရှိတဲ့ ထောက်ခံမှုတွေ ရခဲ့ပြီးတဲ့နောက်မှပဲ ဒီယက်စ်ကို ခေါ်ယူဖို့အတွက် ကလပ်က မီးစိမ်းပြခဲ့တာဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် လီဗာပူးအသင်းဟာ ကလပ်ရဲ့ နည်းစနစ်မှာ အံ့ဝင်နိုင်မယ့် ကစားသမားမျိုးလာဆိုတာကို နှစ်ရှည်စောင့်ကြည့်ခဲ့သလို အသင်းအတွက် ပေးဆပ်မယ့်သူဆိုတာ သေချာမှပဲ အချိန်အခါကောင်းကို စောင့်ပြီး ဒီယက်စ်ကို ခေါ်ယူခဲ့ခြင်းဖြစ်တယ်။

လေ့ကျင့်ရေးမှာ တိုက်စစ်သမားရဲ့ အပြုအမှု၊ အားထုတ်မှု၊ အသင်းဖော်တွေနဲ့ စုပေါင်း လုပ်ဆောင်လိုမှုတွေဟာ လီဗာပူးကစားသမားဆိုတဲ့ ဂုဏ်အင်တွေနဲ့ ပြည့်စုံခြင်းတွေကြောင့်သာ အခုလို နည်းပြအဖွဲ့ရဲ့ နှစ်သက် သဘောကျခြင်းကို ပိုင်ဆိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။