ဆာလာ၊ မာနေးတို့ရဲ့ စာချုပ်ပြဿနာအတွက် လူကြိုက်နည်းပြီး စွန့်စားရမယ့် ဖြေရှင်းစရာ နည်းလမ်း

လီဗာပူးဟာ အခုချိန်မှာ ကြီးမားတဲ့ ကွင်းပြင်ပ ပြဿနာနှစ်ခုနဲ့ ရင်ဆိုင်နေရပြီး အဲ့တာက အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့ရဲ့ စာချုပ်ကိစ္စတွေပါပဲ။

နောက်ရာသီ ပရီးမီးယားလိဂ် ရာသီသစ်စတဲ့အချိန်မှာ အသက် ၃၀ တန်း ဖြစ်ကြတော့မယ့် စူပါစတားနှစ်ယောက်ဟာ စာချုပ်သက်တမ်း ၁၄ လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ပရိသတ်များစွာအတွက် အဖြေက ရိုးရှင်းပါတယ်။ သူတို့လိုချင်တာ ပေးလိုက်ဖို့ပါပဲ။

သူတို့နှစ်ယောက်ဟာ ယာဂင်ကလော့ပ် လက်အောက် လီဗာပူးရဲ့ အောင်မြင်မှုမှာ အရေးပါခဲ့ပြီး နှစ်ယောက်ပေါင်း ၂၆၆ ဂိုးသွင်းယူခဲ့ကာ လီဗာပူးကို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကာရာဘောင်းဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ အောင်မြင်အောင် ကူညီပေးခဲ့တာပါ။ သူတို့နှစ်ယောက် မပါတဲ့ လီဗာပူးကို တွေးကြည့်ဖို့က ခက်ခဲပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အဖြေက ရှုပ်ထွေးပါတယ်။ လီဗာပူးမှာ တင်းကျပ်တဲ့ လစာ တည်ဆောက်ပုံတစ်ခု ရှိထားပြီး လစာအများဆုံးဖြစ်တဲ့ ဗန်ဒိုက်က တစ်ပတ်ကို ပေါင် ၂ သိန်း၂သောင်း ရရှိပါတယ်။ ဒီပမာဏဟာ ပြိုင်ဘက်တွေနဲ့ယှဉ်ရင် သိပ်မပြောပလောက်တဲ့ ပမာဏလောက်အဖြစ် မြင်ထားကြပါတယ်။

ချယ်ဆီးရဲ့ လစာအမြင့်ဆုံး လူကာကူက တစ်ပတ်ကို ပေါင် ၃၂၅၀၀၀၊ စီးတီးရဲ့ လုပ်ခအမြင့်ဆုံး ဒီဘရိုင်းက တစ်ပတ်ကို ပေါင် ၄ သိန်း ရရှိနေပြီး ခရစ္စတီယာနို ရော်နယ်ဒိုဆိုရင် တစ်ပတ်ကို ပေါင် ၅ သိန်းဝန်းကျင် ရရှိနေတာ ဖြစ်ပါတယ်။ ဆာလာနဲ့ မာနေးတို့ရဲ့ မှတ်တမ်းကိုကြည့်လိုက်ရင် သူတို့တွေဟာ ပရီးမီးယားလိဂ် ထိပ်တန်း လစာရှင်တွေထဲ ပါဝင်ဖို့ မထိုက်တန်စရာ အကြောင်းမရှိပါဘူး။

လီဗာပူးအနေနဲ့ ဆာလာအတွက် ထိုက်တန်တဲ့ လစာကို ပေးလိုက်ရင် ကျန်တဲ့ အသင်းသားတွေကပါ စာချုပ်သက်တမ်းတိုးတဲ့အခါ အလားတူ တောင်းဆိုမှုတွေ လုပ်လာတော့မှာပါ။ ဒါက အဝတ်လဲခန်းအတွင်း သဘောထားကွဲလွဲမှုတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးထားပြီး သွယ်ဝိုက်တဲ့ သက်ရောက်မှုဆိုတာ ဘယ်လိုမျိုး ဖြစ်ကြောင်းကို တခြားကလပ်တွေမှာလည်း မြင်နိုင်ပါတယ်။

ဒီပြဿနာအတွက် လူကြိုက်နည်းသလို နည်းနည်းပြင်းထန်ပြီး စွန့်စားရတဲ့ ဖြေရှင်းနည်း တစ်ခု ရှိနေပါတယ်။ အဲ့တာကတော့ ဆာလာနဲ့ မာနေးတို့က တစ်ပတ်ကို ပေါင် ၂သိန်းခွဲကျော် လိုချင်ရင် ဂန္တဝင်တွေအဖြစ် နှုတ်ဆက်လိုက်ဖို့ပါပဲ။ လီဗာပူးမှာ ဂျိုတာနဲ့ ဒီယက်စ်တို့လို သိပ်တော်တဲ့ တိုက်စစ်ကစားသမားနှစ်ယောက် ရထားပြီဖြစ်ပြီး နောက်တယောက် ထပ်ခေါ်ဖို့က မဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး။

လီဗာပူးအသင်း နောက်ဆုံး ချိတ်ဆက်နေတဲ့ ကစားသမားကတော့ ဝက်စ်ဟမ်းကြယ်ပွင့် ဘိုဝင်လို လိဒ်ယူနိုက်တက် တိုက်စစ်သမား ရာဖင်ညာလို ကစားသမားတွေဖြစ်ပါတယ်။ ဘိုဝင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ ထိပ်တန်း ၆သင်း အပြင်က အကောင်းဆုံး တိုက်စစ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူဟာ ဒီရာသီ ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းယူခဲ့ပါတယ်။

ဆာလာဟာ ရိုးမားမှာ နောက်ဆုံးရာသီအတွင်း ၁၉ ဂိုး သွင်းယူခဲ့တာဖြစ်ပြီး မာနေးကလည်း လီဗာပူးကို မပြောင်းလာခင်နှစ်က ဆောက်သမ်တန်မှာ ၁၅ ဂိုးသာ ရရှိခဲ့တာပါ။ သူတို့တွေက
အန်ဖီးကို မရောက်လာခင်အထိ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့် တိုက်စစ်မှူးတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ ကလော့ပ် လက်ထက်မှာ စူပါစတားတွေ ဖြစ်လာကြတာပါ။

ဂျိုတာဟာ ဂျာမန်သားရဲ့ နည်းပြစွမ်းရည်အတွက် နောက်ထပ် ဥပမာကောင်းတစ်ခုပါပဲ။ သူဟာ ဝုဗ်နဲ့ နောက်ဆုံးရာသီအတွင်း ပရီးမီးယားလိဂ် ၇ ဂိုးအပါအဝင် စုစုပေါင်း ၁၆ ဂိုး သွင်းယူခဲ့ပေမယ့် ဒီရာသီ လီဗာပူးမှာတော့ ၂၁ ဂိုးအထိ ရရှိထားပြီး ဖြစ်ပါတယ်။ လီဗာပူး အနေနဲ့ ဆာလာနဲ့ မာနေးတို့ကို ရေရှည်စာချုပ် မချုပ်နိုင်ရင် ဘိုဝင် (သို့) ရာဖင်ညာ (သို့) အလားအလာရှိ တိုက်စစ်သမား တစ်ဦးကို ထပ်မံ ခေါ်ယူရေးက ရွေးချယ်စရာတစ်ခု ဖြစ်ပါလိမ့်မယ်။

လီဗာပူးပရိသတ်တွေအတွက် ဒါက လက်ခံဖို့ ခက်ခဲနိုင်ပေမယ့် ဆာလာနဲ့ မာနေးနေရာ အစားထိုးမယ်ဆိုရင် အလားအလာရှိပြီး ပိုငယ်ရွယ်တဲ့သူတွေကို ခေါ်ယူခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နောက်ပြီး ကစားသမားသစ်တွေ မအောင်မြင်ရအောင်လည်း သူတို့ကို ပဲ့ကိုင်ပေးမယ့်သူက ယာဂင်ကလော့ပ်ဆိုတာ မေ့ထားလို့ မရပါဘူး။