ဆောင်းပါး | ကာဗယ်ဟိုဟာ လီဗာပူး လိုအပ်နေတဲ့ အပြောင်းအရွှေ့ ဘာကြောင့် ဖြစ်နေရသလဲ

လီဗာပူးအသင်းဟာ အနာဂတ်အတွက် ပြင်ဆင်မှုတွေ စတင်နေပြီး လက်ရှိ လူစာရင်းမှာ အားနည်းနေတဲ့ လူငယ် သွေးသစ်တွေကို စတင်စုဆောင်းလိုနေပါတယ်။

ယာဂင်ကလော့ပ်ရဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်မှာဖြစ်ကာ အဲ့နောက်ပိုင်း ကာလတွေမှာလည်း အခြားသော မန်နေဂျာတွေ ဝင်ရောက်လာရင်တောင် တူညီတဲ့ နည်းစနစ်၊ တူညီတဲ့ လုံ့ဆော်ပေးနိုင်စွမ်းတွေနဲ့အတူ လီဗာပူးအသင်းကို ဆက်ပြီး မောင်းနှင်ဖို့ မာဆေးဆိုဒ်ကလပ်က ရည်ရွယ်ထားပါတယ်။

ဒီဘက်နှစ်တွေမှာ လီဗာပူးရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာတဲ့ မန်စီးတီးကို ကြည့်မယ်ဆိုရင် နည်းပြ အပြောင်းအလဲတွေမှာ ဖြေရှင်းစရာ နည်းလမ်းပိုင်းအတွက် ပိုမို နားလည်လာတာကို မြင်ရမှာဖြစ်ပါတယ်။ မက်ဟုချ်လက်ထက်မှာ ငွေ အလုံးအရင်း သုံးခဲ့တဲ့ မန်စီးတီးဟာ မန်ချီနီ လက်ထက်မှာလည်း တူညီတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ခဲ့ပေမယ့် ပယ်လီဂရီနီ၊ ဂွာဒီယိုလာတို့ လက်ထက်တွေမှာတော့ အပြောင်းအရွှေ့ကို ပိုထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ကင်နီ၊ ဘရန်ဒန်ရော်ဂျာ လက်ထက်တွေမှာ နည်းပြသစ်တွေ စိတ်ကြိုက် ကိုယ်ပိုင် ပြောင်းလဲမှုတွေကို လုပ်ခွင့်ပေးပေမယ့်လို့ ယာဂင်ကလော့ပ် လက်ထက်မှာတော့ အပြောင်းအရွှေ့ ကော်မတီရဲ့ ထိန်းချုပ်မှုနဲ့အတူ ပိုမို အလုပ်ဖြစ်တဲ့ စီမံခန့်ခွဲမှုတွေကို လုပ်လာနိုင်တယ်။ လီဗာပူးအသင်းဟာလည်း နည်းပြတစ်ဦး ပြောင်းလဲတိုင်းမှာ ကစားသမား ရင်းနှီးမြုပ်နှံမှုပိုင်းတွေအတွင်း ပိုမို တည်ငြိမ်လာတာမျိုးကို မြင်ရမှာဖြစ်ပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းက လိဂ်ရဲ့ ဖျက်မြင်း (သို့) ကော်ကောင်းအဆင့်လောက် အသင်း မဟုတ်တော့ဘဲ လိဂ်ကို အဓိက စိန်ခေါ်သူ နှစ်သင်းထဲက တစ်သင်းအဆင့်အဖြစ် Power House အသင်းနေရာကို ရယူလာခဲ့ပါတယ်။ ဒါကြောင့်ပဲ ကလပ်ထံက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကစားသမားခေါ်ယူမှုမျိုးတွေ မြင်ရဖို့ ပရိသတ်တွေက ဆန္ဒရှိပါတယ်။

ဒါပေမယ့်လို့ လီဗာပူးအသင်းဟာ အပြောင်းအရွှေ့တွေမှာ နာမည်ကြီး ကစားသမားတစ်ဦး ခေါ်ယူလိုက်တာနဲ့တင် ဖြေရှင်းလို့ မရတဲ့ ပြဿနာအချို့လည်း ရှိနေပါတယ်။ အဲ့တာကတော့ အရွယ်ရ ကမ္ဘာအဆင့် ကစားသမားတွေ များနေတဲ့ လီဗာပူးအသင်းမှာ မျိုးဆက်သစ် ကြယ်ပွင့်တွေ နည်းပါးနေခြင်းဖြစ်ပါတယ်။

လီဗာပူးရဲ့ တိုက်စစ်ပိုင်းမှာ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ ရှိနေပေမယ့်လို့ သူတို့က peak-age အရွယ်လို့ ဆိုရပေမယ့် အမြင့်ဆုံး အသက်အရွယ် အပိုင်းအခြားကို ရောက်နေကြပါပြီ။ စာချုပ်အရ ရေရှည်အတွက်ပဲဖြစ်ဖြစ် ယာဂင်ကလော့ပ် ခေတ်လွန် မန်နေဂျာသစ်အတွက်ပဲဖြစ်ဖြစ် သူတို့ ပါဝင်ပေးမယ်လို့ မသေချာတော့ပါဘူး။

ဒီအနေအထားဟာ ထိပ်တန်း ကလပ်တိုင်း ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ အသင်းတိုင်းမှာ အအောင်မြင်ဆုံး မျိုးဆက်ရှိကြသလို အဲ့သည်မျိုးဆက်နောက် နောက်ထပ် မျိုးဆက်တွေ ထူထောင်နိုင်ခြင်းကပဲ အောင်မြင်မှုတွေကို ဆက်ပြီး ထိန်းသိမ်းနိုင်မှာဖြစ်တယ်။ လီဗာပူးက ဒီအခြေအနေကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဂိုးသမား အယ်လီဆန် (၂၉ နှစ်)ကို နောက်ထပ် ၅ နှစ်လောက် ဆက်ထိန်းထားမှာဖြစ်ပြီး သူ့နေရာမှာ အရန်အဖြစ် ကလယ်ဟာ (၂၃ နှစ်) ကလည်း ပရိသတ်တွေ နှစ်သက်လောက်တဲ့ လက်စွမ်းရှိသူဖြစ်တယ်။ ဒါပေမယ့် ကားရီးယက်စ်နဲ့ အတ်ဒရီယန်တို့ ထွက်ခွာချိန်မှာတော့ တတိယမြောက် ဂိုးသမားတစ်ဦးကို ခေါ်ယူရမှာဖြစ်ပါတယ်။

ဘယ်ခြမ်းမှာဆိုရင် ၂၈ နှစ်အရွယ် ရော်ဘတ်ဆန် နေရာမှာ ၂၅ နှစ်အရွယ် ကိုစတက် ရှိနေပါတယ်။ ဗဟိုခံစစ်မှာတော့ ဒီနွေမှာ ၃၁ နှစ်ပြည့်ကြမယ့် ခံစစ်သမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ မာတစ်တို့ရှိနေပြီး အရန်အဖြစ်တော့ ၂၂ နှစ်အရွယ် ကိုနတေးနဲ့ ၂၄ နှစ်အရွယ် ဂိုးမက်စ်တို့ ရှိနေပါတယ်။ လီဗာပူးအသင်းဟာ အနာဂတ်အတွက် ရည်ရွယ်ပြီး ခံစစ်မှူးသစ် တစ်ဦး ရှာဖွေနေဆဲဖြစ်ကာ ကလော့ပ်ရဲ့ နည်းစနစ်မှာ အကောင်းဆုံး ကစားနိုင်တဲ့ ဂိုးမက်စ်ကို အနည်းဆုံး နောက်ထပ် ၁ ရာသီ ဆက်ထိန်းရေး ဆန္ဒရှိနေတာပါ။

ညာခြမ်းမှာတော့ ၂၃ နှစ်သား ထရန့်ရဲ့ အရန်အဖြစ် အသက် ၂၀ အရွယ် နီကိုးကို လီဗာပူးဘက်က မွေးထုတ်လာခဲ့ပြီး ဝေလ်းလက်ရွေးစင်ဟာ ဖိအားပိုနည်းတဲ့ ဖူလ်ဟမ်မှာတော့ ခြေစွမ်း အတော် တိုးတက်နေတာကို မြင်ရပါတယ်။ ကွင်းလယ်မှာတော့ ဂျုံးနဲ့ အယ်လီးယော့တို့ ရှိနေပြီး ဒီကစားသမားတွေကလွဲရင် လီဗာပူးမှာ ထိပ်တန်းအဆင့် အလားအလာရှိတဲ့ လူငယ်မျိုးဆက် မပေါ်ထွက်လာသေးပါဘူး။

ဂျိုတာနဲ့ ဒီယက်စ်တို့ကလည်း ၂၅ နှစ်အရွယ် ကစားသမားတွေ ဖြစ်ကြပြီး လက်ရှိ လီဗာပူးအသင်းမှာ ကြယ် ၅ ပွင့်အဆင့် လူငယ်တစ်ဦးကို ပြပါဆိုရင် အယ်လီးယော့ တစ်ဦးပဲ ရှိတာကို မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပွဲထွက်ခွင့်ကို စိန်ခေါ်မယ့် ၂၄-၂၅ နှစ်အရွယ် ကစားသမားတွေကို လီဗာပူးဘက်က ကြိုးစားစုဆောင်းနေသလို နောက်ထပ် ရည်ရွယ်ချက်ကတော့ ကမ္ဘာအဆင့် အလားအလာရှိတဲ့ လူငယ်လေးကို အားဖြည့်ခြင်းနဲ့အတူ မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ကစမယ်ဆိုရင် လီဗာပူးအသင်းဟာ မီနာမီနို၊ ကိုစတက်၊ ဂျိုတာ၊ သီယေဂို၊ ကိုနတေး၊ ဒီယက်စ်တို့ကို ခေါ်ယူထားခဲ့တယ်။ ဒါပေမယ့်လို့ အဲ့ကာလအတွင်းမှာပဲ လူငယ် ကြယ်ပွင့်တွေအဖြစ် အယ်လီးယော့၊ ဘော်ဘီ ကလက်၊ မူဇီယန်လော်စကီ၊ ဗန်ဒန်ဘတ်၊ ပီတာလူဂါး၊ ဘန်ဒုတ်၊ ဂေါ်ဒန်၊ ဘရတ်ဒလေ၊ ဖရန့်ဒေါ့နဲ့ ဖေဘီယို ကာဗယ်ဟိုတို့ကို ခေါ်ယူထားခဲ့ပါတယ်။

ဒီလူငယ်လေးတွေဟာ အဝတ်လဲခန်းထဲက ကမ္ဘာအဆင့် ကစားသမားတွေရဲ့ ဦးဆောင်မှု အရည်အချင်း၊ စုဖွဲ့မှုတွေကနေ သင်ယူခြင်းနဲ့အတူ စီနီယာအဆင့်ကို ထိုးဖောက်ရမှာဖြစ်တယ်။ တကယ်တမ်းမှာတော့ လူငယ်ကစားသမားတိုင်းဟာ ကမ္ဘာအဆင့်ဖြစ်လာမယ်လို့ ဘာအာမခံချက်မှ မရှိပါဘူး။ ဒါကြောင့်လည်း လီဗာပူးက အလားအလာမြင့်တဲ့ လူငယ်တွေကို ထပ်မံ ခေါ်ယူဖို့ လိုအပ်နေဦးမှာဖြစ်တယ်။

လူငယ်တစ်ဦး မွေးထုတ်မှု အောင်မြင်ခြင်းဟာ ကလပ်တစ်သင်းကို ငွေကြေးပိုင်းမှာ အများကြီး သက်သာစေသလို အသင်းနဲ့ သူ့ကြား ခိုင်မာတဲ့ ဆက်နွယ်မှုကို တည်ဆောက်နိုင်ပါတယ်။ လူငယ်တွေကို အသင်းရဲ့ နည်းစနစ်မှာ အံ့ဝင်မှု စိတ်ကြိုက် ပုံသွင်းနိုင်ခွင့် ရှိသလို အသင်းနဲ့ လိုက်ဖက်မယ့် စိတ်ဓါတ်ပိုင်းကိုလည်း ပျိုးထောင်ပေးလို့ ရနိုင်ပါတယ်။ ဒါဟာ ကစားသမားသစ် ခေါ်ယူမှုတိုင်းမှာ မရနိုင်တဲ့ အားသာချက်တွေဖြစ်ပါတယ်။

လက်ရှိ လီဗာပူးအသင်း စုဆောင်းနေတဲ့ လူငယ်တွေထဲမှာတော့ အယ်လီးယော့နဲ့ ကာဗယ်ဟိုတို့ဟာ သူတို့ အသက်အရွယ်ထဲမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားတွေဖြစ်တယ်။ သူတို့နှစ်ဦးဟာ တောက်ပဖို့ အလားအလာ အကောင်းဆုံး ကစားသမားတွေဖြစ်သလို နောက်ထပ် အောင်မြင်တဲ့ လီဗာပူးမျိုးဆက်ကို ဦးဆောင်သူတွေ ဖြစ်လာကြဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။