ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ ပြိုင်ဘက်ဟောင်းကို ခေါ်ယူလိုက်ဖို့ တိုက်တွန်းခံရတဲ့ လီဗာပူး

အင်္ဂလန် ဝါရင့် မန်နေဂျာဟောင်းကြီး နေလ်းဝါးနော့က လီဗာပူးအသင်း (သို့) မန်စီးတီးအသင်းကို အဲဗာတန်မှာ အလုပ်မဖြစ်တဲ့ ကွင်းလယ်လူ ဒယ်လီကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ဇန်နဝါရီကမှ စပါးကနေ အဲဗာတန်ကို ပြောင်းလာခဲ့တဲ့ ကွင်းလယ်လူဟာ မာဆေးဆိုဒ် ကလပ်မှာ ရုန်းကန်ရမှုတွေ ရှိနေတာပါ။ ဒယ်လီဟာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပေမယ့် အဲဗာတန်အသင်း ကစားဟန်က သူ့အတွက်တော့ အဆင်မပြေဘူးလို့ ဝါးနော့က မြင်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ် တိုက်စစ်သမားဟာ လွန်ခဲ့တဲ့ နှစ်တွေက ပရီးမီးယားလိဂ် အတိုးတက်ဆုံး လူငယ်အဖြစ် တောက်ပခဲ့သလို လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်တယ်။ ဒါပေမယ့်လို့ သူ့ရဲ့ စိတ်ဓါတ်ပိုင်းဟာ သူ့ကစားသမားဘဝ တိုးတက်မှုကို ထိခိုက်လာစေခဲ့တာပဲ ဖြစ်ပါတယ်။

ဝါးနော့ကတော့ “ ဒယ်လီကို ကြည့်မိတိုင်း သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ အဲဗာတန်က အသင်းကောင်း မဟုတ်သလို မှန်ကန်တဲ့ ဧရိယာတွေမှာ သူဘောလုံး ရနိုင်အောင် ပေးနိုင်လောက်တဲ့ထိ သန်မာခြင်းလည်း မရှိပါဘူး။

သူ့ကို ကယ်ဗက် လီဝင်နဲ့ ကစားခိုင်းတာ။ သူ့ကို တိုက်စစ်မှူးနေရာ ထားပြီး ဧရိယာတွေမှာ သူတို့ကို ဘောလုံးတွေပေးရမှာပါ။ ဒါပေမယ့် အဲဗာတန်က အဲ့လို မလုပ်နိုင်ပါဘူး။ သူတို့က တစ်ချိန်လုံး အားကိုးရာ မဲ့နေကြတယ်။ ဘောလုံး ပေးနေတာတွေက တကယ့် ဟာသပဲဖြစ်ပြီး သူတို့ရဲ့ ခြေထောက်ထဲ ရောက်အောင် မပေးကြဘူး။

သူ့ကို ဘောလုံးပေးပြီး ပြေးလွှားခွင့်ပေးရင် ဒယ်လီက သိပ်ကောင်းတဲ့ ကစားသမားပါ။ အကယ်လို့ ဒယ်လီကို လီဗာပူး (သို့) မန်စီးတီးလို အသင်းမှာ ကစားစေမယ်ဆိုရင် သူက လိဂ်ရဲ့ ဂန္တဝင်တစ်ဦးအဖြစ်တောင် သတ်မှတ်ခံရနိုင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒယ်လီဟာ အရည်အသွေးကောင်းတွေ ရှိပေမယ့်လို့ Off ball movement တွေမှာ အားထုတ်လိုစိတ် မရှိသူလို့ နာမည်ဆိုး ရထားပါတယ်။ အကယ်လို့ သူ့ကို လီဗာပူးက စိတ်ဝင်စားရင်တောင် အဲ့သည် အားနည်းချက်အရပဲ ယာဂင်ကလော့ပ်ရဲ့ နည်းစနစ်မှာ အံ့ဝင်နိုင်ပါ့မလားက တွေးဆစရာပဲ ဖြစ်ပါတယ်။