ချန်ပီယံလိဂ်ပြိုင်ဘက် ဘင်ဖီကာအတွက် သတင်းဆိုးတစ်ခု ပေးလိုက်တဲ့ နည်းပြ ကလော့ပ်

မနက်ဖြန်ညမှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်နဲ့ ပတ်သက်လို့ သတိကြီးထားနေကြောင်း ပြောဆိုမှုကို ပွဲကြို တွေ့ဆုံမှုမှာ ယာဂင်က ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးဟာ ပထမအကျော့အဝေးကွင်းမှာ ၃-၁ ဖြင့် အနိုင်ရထားခဲ့ပေမယ့် ဒုတိယအကျော့မှာ သတိလက်လွတ် မရှိဖို့ လိုအပ်နေတာပါ။ မနှစ်တုန်းက ချန်ပီယံလိဂ်ဝင်ခွင့် နေရာအတွက် ရာသီသိမ်းခါနီးထိ ခက်ခဲစွာ ကြိုးစားခဲ့ရတာဖြစ်ပြီး ဒီရာသီမှာ တတ်နိုင်သလောက် အမြင့်ဆုံး အဆင့်ထိ တက်သွားနိုင်ရေးက အသင်းရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

ကလော့ပ်က ” ဒီပွဲက အရမ်းကို အရေးကြီးတဲ့ပွဲစဉ် ဖြစ်ပါတယ်။ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်မှာ ပါဝင်နိုင်ရေး ခက်ခဲစွာ ကြိုးစားခဲ့ရတာကြောင့် အခုလို ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နိုင်တဲ့ အခွင့်အရေးမျိုး ရခဲ့တာပါ။

မနက်ဖြန်ည ဘင်ဖီကာနဲ့ပွဲကပဲ ကျနော် ဂရုစိုက်တဲ့ တစ်ပွဲတည်းသော ပွဲစဉ်ဖြစ်ပါတယ်။ ပြိုင်ပွဲတိုင်းမှာ တတ်နိုင်သလောက် အချိန်အကြာကြီး ဆက်ရှိနေရေး ကျနော်တို့ လုပ်နိုင်သလောက် အရာအားလုံးကို ကြိုးစားသွားမှာပါ ” လို့ မှတ်ချက်ပေးပါတယ်။

အန်ဖီးကွင်းမှာ သိပ်ကောင်းတဲ့ ပရိသတ်တွေအားကို ရမယ်လို့ ယုံကြည်နေတဲ့ ယာဂင်ကလော့ပ်ဟာ ချန်ပီယံလိဂ်ပြိုင်ဘက် အသင်းအနေနဲ့ လီဗာပူးအသင်းကိုပဲ ရင်ဆိုင်ရမှာ မဟုတ်ဘဲ ၅၄၀၀၀ ကျော်သော အနီရောင် ပရိသတ်တွေကိုလည်း ရင်ဆိုင်ရပါလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

ကလော့ပ်ကပဲ ” ဘင်ဖီကာအတွက် သတင်းဆိုးကတော့ သူတို့ ကစားရမှာ အန်ဖီးကွင်းပဲဖြစ်ပါတယ်။ သူတို့ဟာ ကျနော်တို့နဲ့တင် မဟုတ်ဘဲ တစ်ကွင်းလုံးက ပရိသတ်တွေနဲ့ပါ ရင်ဆိုင်ကစားရပါလိမ့်မယ်။ ဘယ်အသင်းမှ ရင်ဆိုင် မကစားလိုတဲ့ အသင်းတစ်သင်းကို ကျနော် ရချင်ပါတယ်။ မနက်ဖြန်ညမှာ အဲ့လို အသင်းကို ပိုင်ဆိုင်ဖို့ မျှော်လင့်ထားပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘင်ဖီကာဟာ ဒီပွဲမှာတော့ ဖောက်ဖျက်ကစားမယ့် အနေအထားဖြစ်ပြီး လီဗာပူးအသင်းက မပေါ့ဆဖို့ လိုအပ်လှပါတယ်။ ချန်ပီယံလိဂ်ဟာ အဝေးဂိုး စည်းမျဉ်းကို ပယ်ဖျက်တဲ့နောက် ထူးထူးဆန်းဆန်း ရလဒ်တွေ ထွက်ပေါ်လာတာမျိုးတွေ ရှိနေပြီး အန်ဖီးကွင်းမှာ ပိုင်နိုင်တဲ့ နိုင်ပွဲတစ်ပွဲ ရယူခြင်းနဲ့အတူ ဒီအပတ်အကုန် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် တွန်းအားကောင်းကို ဖန်တီးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။