ညစာ အတူ မစားဖူးဘူး၊ ဖုန်းနံပါတ်ရှိတယ် မဆက်ဖူးဘူး ဆိုပြီး ယာဂင်နဲ့ သူ့ကြားက ဆက်ဆံရေးကို ပက် ထုတ်ပြော

အီသီဟဒ်မှာ လီဗာပူးနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီး ပက်ဂွာဒီယိုလာက ယာဂင်ကလော့ပ်ဟာ သူ့ကို ပိုကောင်းတဲ့နည်းပြ ဖြစ်လာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့ပွဲဟာ အစကနေ အဆုံးသတ်အထိ စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာပါ။ စီးတီးဟာ ပွဲအစ ၅ မိနစ်မှာပဲ ဒီဘရိုင်းရဲ့ လမ်းကြောင်းပြောင်း ကန်ချက်ကနေတဆင့် အဖွင့်ဂိုး သွင်းယူခဲ့ပြီး ၈ မိနစ်အတွင်း လီဗာပူး တိုက်စစ်ကစားသမား ဒီယိုဂို ဂျိုတာက ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ပထမပိုင်းအတွင်း စိတ်လှုပ်ရှားနေခဲ့သလို ဆန္ဒတွေ စောနေခဲ့တာဖြစ်ပြီး ၃၆ မိနစ်မှာ ဂေဘရီရယ် ဂျေးဆုက စီးတီးအတွက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လီဗာပူးက အများကြီး ပိုကောင်းလာခဲ့ပြီး ပွဲပြန်စတဲ့ ၄၇ စက္ကန့်အတွင်းမှာပဲ ဆာဒီယို မာနေးက တဆင့် ချေပဂိုး ရရှိခဲ့ပါတယ်။

“ ယာဂင်က ကျွန်တော့်ကို လေးစားမှု ရှိမရှိ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို အများကြီး လေးစားပါတယ်။ သူက ကျွန်တော့်ကို ပိုကောင်းတဲ့ နည်းပြတစ်ယောက် ဖြစ်လာစေတာပါ။ သူ့အသင်းတွေက တိကျပြတ်သားတယ်၊ ထက်သန်တက်ကြွမှုရှိပြီး တိုက်စစ်ဆင် ကစားချင်တယ်။ ကျွန်တော်က သူ့ကို အတုခိုးဖို့ ကြိုးစားတာပါ။

ကျွန်တော်တို့က မိတ်ဆွေတွေ မဟုတ်ဘူး။ အတူ ညစာမစားဖူးဘူး။ တနေ့မှာတော့ hall of fame ထဲမှာ ပါဝင်ပြီး ညစာအတူ စားရလိမ့်မယ် ထင်မိတယ်။ ကျွန်တော့်မှာ သူ့ဖုန်းနံပါတ်ရှိပေမယ့် မခေါ်ဖြစ်ပါဘူး။ ကျွန်တော် သူ့ကို အတော်လေး လေးစားပါတယ်။ လာမယ့် ပွဲမှာ ကျွန်တော်တို့ သူ့ကို အနိုင်ယူဖို့ ကြိုးစားမယ်ဆိုတာ သူသိပါတယ်”လို့ ပက်ဂွာဒီယိုလာက ဆိုပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံးမှာ မန်စီးတီးက လီဗာပူးထက် တစ်မှတ်အသာနဲ့ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ ၇ ပွဲ ကစားဖို့ ကျန်နေသေးပေမယ့် စီးတီးရဲ့ ပွဲစဉ်တွေက ထိပ်ဆုံး ၆ သင်းထဲက တစ်သင်းမှ မပါဝင်ဘဲ လီဗာပူးကတော့ မန်ချက်စတာ ယူနိုက်တက်၊ စပါးတို့နဲ့ ကစားဖို့ ရှိနေသေးတာ ဖြစ်ပါတယ်။