ယူနိုက်တက်နဲ့ တွေ့ရဦးမှာမို့ကို လီဗာပူး လက်ကျန် ပွဲစဉ်ဇယားက ပိုလွယ်တယ်လို့ နဗီး ပြော

စီးတီးနဲ့ လက်ကျန်ပွဲတွေဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေထက် လွယ်သယောင် ထင်ရပေမယ့် ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ဆိုးရွားနေတဲ့ ပုံစံအရ လီဗာပူးအတွက် ကစားရ ပိုလွယ်စေလိမ့်မယ်လို့ နဗီးက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၂၀ ရက်နေ့မှာ လီဗာပူးနဲ့ ကစားရမှာဖြစ်ကာ အဆိုပါပွဲက ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး သက်ရောက်မှု ရှိစေနိုင်မှာ ဖြစ်ပါတယ်။ နဗီးကတော့ လီဗာပူးဟာ အခြေအနေ ဆိုးရွားနေတဲ့ ယူနိုက်တက်နဲ့ တွေ့ရမှာမို့ စိတ်ပူနေဖို့ မလိုပါဘူးလို့ မြင်နေပါတယ်။

“ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ စီးတီးရဲ့ လက်ကျန်ပွဲတွေကို ကြည့်ပြီး သူတို့က ပိုလွယ်တယ်လို့ ထင်နေကြတယ်။ ဒါပေမယ့် မန်စီးတီး ပိုလွယ်တယ်လို့ ထင်နေကြတာက တကယ်တော့ လီဗာပူးရဲ့ မာဆေးဆိုက်ဒါဘီ၊ ယူနိုက်တက်နဲ့ တွေ့ရမယ့် ပွဲစဉ်တွေကြောင့်ပါ။

ပုံမှန်ဆိုရင် အဲ့ဒီ့ပွဲတွေက ခက်ခဲလေ့ရှိပေမယ့် အခုချိန်မှာ အဲဗာတန်နဲ့ ယူနိုက်တက်က ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ ဒါကြောင့် လီဗာပူးက စီးတီးထက် ပိုလွယ်ကူသွားနိုင်ပါတယ်။ စီးတီးကစားရမယ့် ဝက်ဖို့ဒ်က သူတို့တွေ ဆက်လက်ရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်နေရပြီး လိဒ်စ်ကလည်း ပွဲတွေအနိုင်ရဖို့ လိုနေတယ်။ နောက် နယူးကာဆယ်ပေါ့။

ပွဲမတိုင်ခင်တုန်းက ကျွန်တော် လီဗာပူးရဲ့ လက်ကျန်ပွဲကို ကြည့်ပြီး စပါးနဲ့ပွဲကလွဲရင် ကျန်တဲ့ပွဲတွေက သိပ်မဆိုးဘူးလို့ တွေးမိပါတယ်။ လီဗာပူးရဲ့ ပွဲတွေကို ပိုခက်ခဲတယ်လို့ ထင်နိုင်ပေမယ့် တကယ်တော့ မခက်ပါဘူး ” လို့ နဗီးက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ လက်ကျန်ပွဲတွေထဲက အခက်ခဲဆုံး ဖြစ်မယ့်ပွဲတွေဖြစ်တဲ့ ယူနိုက်တက်၊ အဲဗာတန်၊ စပါး၊ ဝုဗ်ပွဲတွေဟာ အန်ဖီးကွင်းမှာ ကစားရမှာက ကလော့ပ်နဲ့ အသင်းသားတွေအတွက် တစ်ပန်းသာပါလိမ့်မယ်။

လက်ကျန် ၇ ပွဲအတွင်း ကစားရမယ့် အဝေးကွင်းပွဲတွေကတော့ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ ဆောက်သမ်တန်တို့ဖြစ်ပြီး ၃ သင်းလုံးက တန်းဆင်းဇုန်ကို ရောက်ဖို့ မရှိသလို ရမှတ် လိုအပ်ချက်လည်း မရှိတဲ့ အသင်းတွေဖြစ်နေပေမယ့် အဲ့တာကပဲ သူတို့က ဖိအားမရှိဘဲ ယှဉ်ပြိုင်ခွင့် ရစေမှာဖြစ်ပါတယ်။