မန်စီးတီးနဲ့ ၂-၂ သရေကျမှုမှာ သူ့ကို မပျော်ရွှင်စေတဲ့ ကိစ္စကို ဗန်ဒိုက် ထုတ်ပြော

လီဗာပူးအသင်းဟာ ၂၀၂၂ ခုနှစ် တစ်နှစ်လုံးမှာ ချယ်ဆီးနဲ့ ၂-၂ သရေကျအပြီး ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးနဲ့ပွဲမှာ ခံစစ်က သွင်းဂိုး ၂ ဂိုး ပေးခဲ့ရတာဖြစ်တယ်။

လီဗာပူးခံစစ်က ဒီကာလတွေမှာ သိပ်ကိုကောင်းတဲ့ အဆင့်မှာ ရှိနေခဲ့ပေမယ့် မန်စီးတီးကို ရင်ဆိုင်ရာမှာတော့ ဟာကွက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအခြေအနေကို ဗန်ဒိုက်က ဝန်ခံခဲ့ပြီး အသင်းက နောက်ကနေ လိုက်ကစားခဲ့ရတာက မဖြစ်သင့်ပါဘူးလို့ ထုတ်ပြောခဲ့တယ်။

ဒီဘရိုင်းရဲ့ ကန်ချက်က သိပ်ကောင်းခဲ့ပေမယ့် မာတစ်နဲ့ ထိပြီး လမ်းကြောင်း ပြောင်းသွားခဲ့တာကြောင့် အယ်လီဆန် မကာကွယ်နိုင်ခဲ့ပါဘူး။ ဒုတိယဂိုးကတော့ လူကျွံထောင်ခြောက်ကို ဂျီးဆု အကောင်းဆုံး ဖောက်ထွက်နိုင်ခဲ့ခြင်းဖြစ်ကာ ကျန် အခွင့်အရေး အားလုံးကို ဗန်ဒိုက် ဦးဆောင်တဲ့ အသင်းက တားဆီးပြနိုင်ခဲ့ပါတယ်။

အသင်းက အနောက်ကနေ လိုက်ကစားခဲ့ရခြင်းအပေါ် ဗန်ဒိုက်က ” ဒီလိုပွဲက အမြဲတမ်း ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ နောက်ပြီး အဆုံးသတ်ပိုင်း နေရာတွေမှာ နှစ်သင်းလုံးက အရည်အချင်းကောင်းတွေ ရှိကြတယ်လို့ ထင်ပါတယ်။

ကျနော်တို့ ဂိုးတွေ မပေးချင်ခဲ့ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာဘဲ ဒီနေ့မှာ ဂိုးတွေ ပေးခဲ့ရပါတယ်။ ဒုတိယပိုင်းက ကျနော်တို့အတွက် ကောင်းမွန်တဲ့ အပိုင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ပွဲအစပိုင်းမှာပေါ့။ ကျနော်တို့တွေ ခပ်စောစော သွင်းဂိုး ရယူနိုင်ခဲ့တယ်။

တစ်ပွဲလုံး ခြုံကြည့်မယ်ဆိုရင် ကျနော်တို့ နောက်ကနေ လိုက်ကစားရတာက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ကျနော် အမြင်ကို ပြောတာပါ။ ဒါပေမယ့် ကျနော်တို့ ရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ရှိခဲ့ပြီး ကျနော်တို့ ကောင်းမွန်တဲ့ အကျင့်စရိုက်ကောင်းတွေနဲ့ တုန့်ပြန်ပြခဲ့တယ်။

ကျနော်တို့မှာ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားသလို စိတ်ရှည်ရှည်နဲ့ ဘောလုံးကို ကစားခဲ့ပါတယ်။ အထူးသဖြင့် မန်စီးတီးလို အသင်းကို ရင်ဆိုင်ချိန်မှာပေါ့။ ပွဲထဲမှာတော့ လိုင်းတွေကြားမှာ နေရာလွတ်တွေ ရှာဖွေရတာက ခက်ခဲခဲ့ပါတယ်။ မန်စီးတီးက ဖိအားပေးတာတွေ သိပ်ကောင်းပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကြားရက်မှာတော့ ဘင်ဖီကာနဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး ပြီးမှပဲ မန်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ထပ်တွေ့မှာဖြစ်တယ်။ ဒီပွဲက ခံစစ်ပိုင်း အမှားတွေကို ပြင်ဆင်နိုင်ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲကို တက်ရောက်ဖို့ အားထုတ်ရဦးမှာပဲ ဖြစ်ပါတယ်။