ချိတ်ဆက်မှုပိုင်း လိုအပ်တဲ့ ဂျိုတာ၊ ကွင်းလယ် လိုအပ်ချက်၊ ရေပန်းစားမှု စီးတီးလက်ထဲမှာ ရှိနေခြင်းနဲ့ အီသီဟက်ကပွဲအပြီး စကားစမြည်း ပြောစရာများ

ဂိုးသွင်းနိုင်ပေမယ့် အလုပ်မဖြစ်တဲ့ ဂျိုတာ

ရွေးချယ်စရာ တိုက်စစ်သမား ၅ ဦးထဲက ဆာလာ၊ မာနေးတို့နဲ့ တွဲကစားဖို့ ဂျိုတာကို ရွေးချယ်ခဲ့တယ်။ ပေါ်တူဂီသားဟာ သူ့ရဲ့ ပုံစံအတိုင်း ဖိအားပေးမှုတွေ လုပ်ခဲ့သလို ဧရိယာထဲမှာ အမြဲတမ်း အဆင်သင့်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ နေရာယူ ကောင်းမွန်စွာ ဂိုးသွင်းယူပေးမှုကြောင့်ပဲ လီဗာပူးက ခြေပဂိုး တစ်ဂိုး ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဂျိုတာဟာ အာဖရိက တိုက်စစ်သမား နှစ်ဦးနဲ့ တွဲဘက်ရာမှာ နည်းစနစ်ပိုင်းအရတော့ အမှားတွေ များလွန်းခဲ့ပါတယ်။ ဂျိုတာဟာ ဂိုးသွင်းကောင်းပြီး ဖိအားပေးနိုင်တာ၊ နေရာယူမှန်တာ စသဖြင့် ကောင်းခြင်းတွေ များပေမယ့်လို့ ဘောလုံးဖြန့်ပေးမှု အတော်လေး လိုအပ်ချက်များသူဖြစ်တယ်။ တိုက်စစ်မှာ သူဟာ ဘောလုံးကို ထိန်းထားပြီး အသင်းဖော်တွေကို ပေးနိုင်စွမ်းမှာ တိကျမှု ၅၃% ပဲ ရှိသူဖြစ်ပါတယ်။

ဒါကြောင့်လည်း ပွဲချိန် ၇၀ နောက်ပိုင်း သူ့နေရာမှာ ဒီယက်စ် လူစားဝင်လာချိန် တိုက်ရိုက် တိုက်စစ် ကစားနိုင်စွမ်းက အတော်လေး ကွာခြားတာကို မြင်ရမှာဖြစ်ပါတယ်။ ဂျိုတာဟာ ဧရိယာထဲ အဆိပ်ပြင်းပေမယ့် ဧရိယာပြင်ပမှာတော့ အတော်လေး လိုအပ်ချက် များလှပြီး အဲ့အပိုင်းမှာတော့ ဖာမင်နိုက သာလွန်တာကို လူစားဝင်လာချိန်မှာ အလုပ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တိုက်ရိုက်ကစားတဲ့ ဒီယက်စ်၊ ချိတ်ဆက်မှုကောင်းတဲ့ ဖာမင်နိုနဲ့ ဂျိုတာတို့ သုံးဦးထဲမှာ ဧရိယာထဲ ကစားနိုင်စွမ်းကော၊ ဂိုးယူနိုင်စွမ်းမှာတော့ ဂျိုတာက အမြင့်ဆုံးဖြစ်ပါတယ်။

နှေးကွေးနေတဲ့ ကစားဟန်

ပထမပိုင်းမှာ လီဗာပူးဟာ အထနှေးနေခဲ့ပြီး မန်စီးတီးက ခပ်မြန်မြန် ခပ်သွက်သွက် ပုံစံနဲ့ ဦးဆောင်ကစားခဲ့တယ်။ ဒီပွဲမှာ သိသိသာသာ အရေးနိမ့်ခဲ့တာက ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ရဲ့ ကွင်းလယ် ချိတ်ဆက်မှု နေရာတွေဖြစ်ပါတယ်။ သူတို့ကြား ဟနေမှုတွေကို မန်စီးတီးက အခွင့်အရေး ယူနိုင်ခဲ့တယ်။

ပထမပိုင်း ၄၅ မိနစ်မှာ ခြေစွမ်း အဆိုးရွားဆုံးက ဖာဘင်ညိုဖြစ်ပြီး ထရန့်ရဲ့ ဘောလုံးပေးချက်တွေကလည်း အမှားများလွန်းခဲ့တယ်။ ဟန်ဒါဆန်က ကွင်းလယ်တိုက်ပွဲမှာ အသာရရေး မကူညီနိုင်ခဲ့သလို သူကိုယ်တိုင်က အဆုံးသတ်ပိုင်းအတွင်း ဘောလုံးပေးချိန်မှာ ဆန္ဒတွေစောနေတယ်။ ပထမပိုင်းအတွင်း ဆာလာကလည်း ပုံမှန်ခြေစွမ်းထက် မပိုခဲ့ပါဘူး။

လီဗာပူးအသင်းသားတွေဟာ ဒီပွဲရဲ့ နောက်ဆက်တွဲကို ခံစားမိတာကြောင့် စိုးရိမ်နေကြဟန် ရှိကာ ဗန်ဒိုက် ဦးဆောင်တဲ့ ခံစစ်တန်းကတောင် အမှားတွေ ရှိနေခဲ့ပါတယ်။ မန်စီးတီးရဲ့ ဦးဆောင်ဂိုး ၂ ဂိုးဟာ လီဗာပူးရဲ့ အားနည်းချက်တွေကို ကောင်းကောင်းနင်းပြီး အရယူခဲ့ခြင်း ဖြစ်ပါတယ်။

စိတ်ဓါတ် မာကျောခြင်း

ပထမပိုင်းမှာ လီဗာပူးက ကစားပုံ ဆိုးရွားတဲ့ အနေအထားတွေ ပြသခဲ့ပေမယ့် အဆိပ်မရှိတဲ့ ရေမြွေတော့ မဟုတ်ပါဘူး။ ထရန့်၊ သီယေဂို၊ ရော်ဘတ်ဆန်တို့ အားထုတ်မှုတွေဟာ သွင်းဂိုး တစ်ဂိုးဖြစ်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်နိုင်တာကို နားလည်ထားတဲ့ မန်စီးတီးဟာ လီဗာပူးဘောလုံးပိုင်ဆိုင်မှု ရချိန်မှာ ပြင်းပြင်းထန်ထန် အားထုတ်ရတဲ့ အခိုက်အတန်တွေ ရှိခဲ့တယ်။

ဒုတိယပိုင်းအစမှာပဲ မာနေး ရယူခဲ့တဲ့ သွင်းဂိုးဟာ လီဗာပူးအသင်း ရယူနေကျ ပုံစံမျိုးဖြစ်သလို ခံစစ်က ဗန်ဒိုက် မထုတ်ပေးလာတာကို ထရန့်၊ ဟန်ဒါဆန်၊ ဆာလာတို့ရဲ့ တွဲဘက်မှုကနေ ဆာလာက မာနေးရဲ့ လမ်းကြောင်းထဲ ချပေးခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ လီဗာပူးက ပိုကောင်းလာခဲ့ပြီး မန်စီးတီးနဲ့ ဘောလုံးပိုင်ဆိုင်မှု လုနိုင်ခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ ထိုက်တန်တဲ့ အသင်းနှစ်သင်းဖြစ်တာနဲ့အညီ နှစ်သင်းလုံးရဲ့ တိုက်စစ်တွေမှာ အရည်အချင်းကောင်းတွေ များလှပါတယ်။ ဒုတိယပိုင်း ခြေပဂိုး ပြန်ရပြီးတဲ့နောက် အသင်းကစားဟန်အရ ဒီပွဲတော့ မရှုံးနိုင်ဘူးဆိုတဲ့ ခံစားချက်မျိုးတောင် ရခဲ့ပါသေးတယ်။

ဆာလာ မာနေး ချိတ်ဆက်မှု

ဒုတိယပိုင်းအစမှာ မာနေး သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ တိုက်စစ်ပိုင်း ချိတ်ဆက်ကစားနိုင်စွမ်းရဲ့ အရေးပါမှုကို ဖော်ပြပါလိမ့်မယ်။ ဆာလာဟာ open play ကနေ ဂိုးမရတာ ၈ ပွဲဆက် ရှိနေပါပြီ။ ဘယ်လိုနေနေ ဒါဟာ အချက်အလက် မှတ်တမ်းတွေထဲမှာ ရှိနေမှာပဲဖြစ်လို့ စိုးရိမ်စရာ ကိစ္စဆိုပေမယ့် မာနေး ဂိုးသွင်းနိုင်ဖို့ သူ့ရဲ့ ဖန်တီးပေးမှုဟာ သိပ်ကို အရေးကြီးခဲ့တာကို မမေ့ဖို့ လိုပါတယ်။

ပထမအကျော့ အန်ဖီးကွင်းပွဲမှာ ဆာလာက သိပ်ကောင်းခဲ့ပေမယ့် ဒီပွဲမှာတော့ အဲ့တုန်းက ခြေစွမ်းမျိုး မရှိခဲ့ပါဘူး။ ဒါပေမယ့် သူဘောလုံးရချိန်တိုင်း မန်စီးတီး ကစားသမားတွေရဲ့ ခုခံမှုကို ကြည့်မယ်ဆိုရင် ဆာလာဟာ အန္တရာယ်ကြီးတဲ့ ကစားသမားဆိုတာကို ခံစားမိကြပါလိမ့်မယ်။

ပိုရေပန်းစားတဲ့ မန်စီးတီး

ဒီရာသီ လီဗာပူးက ချန်ပီယံ ဖြစ်ကိုဖြစ်မယ်ဆိုတာမျိုးတွေနဲ့ အလိမ်အညာ စိတ်တက်ကြွမှုတွေကို ဖန်တီးနေမှာ မဟုတ်ပါဘူး။ လီဗာပူးပရိသတ်တွေ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးဟာ မန်စီးတီးလက်ထဲ ရောက်နေတယ်၊ မန်စီးတီးက ပိုမို အရေးသာနေတယ် ဆိုတဲ့ အရှိတရားကို လက်ခံရပါလိမ့်မယ်။

တကယ်တမ်းမှာတော့ ဇန်နဝါရီမှာ ၁၄ မှတ် ရမှတ်ပြတ်နေမှုကနေ အခုလို ၁ မှတ်အကွာကို ပြန်ရောက်လာခြင်းကြောင့် အသင်းအပေါ် မျှော်လင့်ချက်ကြီးတွေနဲ့ တွန်းအားပေးနေပေမယ့် အခွင့်အရေးဟာ စီးတီးလက်ထဲမှာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ပွဲကို နိုင်ခဲ့ရင်တောင်မှပဲ လက်ကျန် ဘောလုံးရာသီတွေက ဆက်ကစားရဦးမှာဖြစ်ပြီး ခက်ခဲတဲ့ ပွဲတွေ ရှိနေဦးမှာပါ။ အခုလို သရေရလဒ်နဲ့အတူ တစ်မှတ်အကွာ နောက်ကနေ လိုက်ကစားရမှာက ဘယ်အသင်းက အခွင့်အရေး ပိုသာတယ်ဆိုတာ မြင်သာပါတယ်။

ဒီအခြေအနေမှာတော့ မန်စီးတီးကို ကျော်ပြီး ချန်ပီယံဖြစ်မှာဆိုတဲ့ ချဲ့ကားတွေးနေမှုထက် အရှိတရားကို လက်ခံပြီး လက်ကျန် ၇ ပွဲလုံးကို အနိုင်ယူဖို့ကိုပဲ အာရုံစိုက်ရပါမယ်။ ရာသီကုန်ရင်တော့ ပိုကောင်းအောင် လုပ်နိုင်တဲ့ အသင်းကပဲ ချန်ပီယံဖြစ်သွားပါလိမ့်မယ်။