မန်စီးတီး ၂-၂ လီဗာပူးပွဲမှာ ဘယ်အသင်း ပိုကောင်းသလဲ သူ့အမြင်ကို ပြောခဲ့တဲ့ ထရန့်

လီဗာပူးနဲ့ မန်စီးတီးတို့ရဲ့ ၂-၂ သရေပွဲစဉ်အပြီးမှာ စီးတီးက အခွင့်အရေးကောင်းတွေ ပိုလုပ်နိုင်ခဲ့တဲ့ အသင်းအဖြစ် ထရန့်က ဝန်ခံခဲ့ပါတယ်။

ပထမပိုင်းမှာ အမှားများနေတဲ့ အသင်းရဲ့ ခြေစွမ်းကိုလည်း ထရန့်က ထောက်ပြခဲ့ပြီး စီးတီးကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တယ်။ မန်စီးတီးဟာ လီဗာပူး ညာခြမ်းက ထရန့်နေရာကို ဦးတည်တဲ့ ဖောက်ထွက်မှုတွေ လုပ်ခဲ့ကာ အလုပ်ဖြစ်တာတွေလည်း ရှိခဲ့ပေမယ့် လီဗာပူးရဲ့ ခြေပဂိုးတွေကလည်း သူ့ရဲ့ ညာခြမ်းကို အားကိုးခဲ့ရတာဖြစ်ပါတယ်။

ခက်ခဲတဲ့ အဝေးကွင်းအပြီးမှာ ထရန့်က ” ပထမပိုင်းမှာ ကျနော်တို့က ကိုယ်ဘာသာ အကောင်းဆုံး မလုပ်နိုင်ခဲ့ဘူး။ ဘောလုံးကို အကောင်းဆုံး ကစားနိုင်ချိန်မှာ ကျနော်တို့ ဂိုးသွင်းနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာလည်း သွင်းဂိုး ရယူမှုနဲ့အတူ ကျနော်တို့ သက်သေပြနိုင်ခဲ့ပါတယ်။

မန်စီးတီးက အခွင့်အရေးကောင်းတွေ ပိုရတယ်လို့ ထင်ပါတယ်။ ကျနော်တို့တွေက အခွင့်အရေးကို ဖြုန်းတီးခဲ့တယ်ဆိုပြီး စိတ်ပျက်နေတာ မဟုတ်ပါဘူး။ တကယ်တမ်းမှာ ကျနော်တို့က အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တာပါ။ မန်စီးတီးမှာ အားနည်းချက်တွေ ရှိတာကို ကျနော်တို့ သိပေမယ့် ပွဲထဲမှာတော့ အဲ့တာကို ပေါ်လွင်အောင် ကျနေ်ာတို့ ပြသနိုင်ခဲ့ခြင်း မရှိပါဘူး။

စီးတီးက ကမ္ဘာအဆင့် အသင်းဖြစ်ပါတယ်။ သူတို့က အခွင့်အရေးတွေ အများကြီးကို ဖန်တီးနိုင်ခဲ့တယ်။ တစ်သင်းလုံး သိပ်ကောင်းပါတယ်။ ကျနော်တို့က သရေတစ်မှတ်ကို ဆွဲထားနိုင်ခဲ့တယ်လို့ လူတွေ ပြောကြပေမယ့် ဒါက ပွဲရဲ့ အစိတ်အပိုင်းပဲ ဖြစ်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီအပတ်မှာ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဦးမှာဖြစ်ပြီး မကြာခင်မှာတော့ အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်ပွဲအဖြစ် မန်စီးတီးနဲ့ပဲ ပြန်တွေ့ဦးမှာ ဖြစ်ပါတယ်။