မန်စီးတီးက ခံစစ်ကို အားပြုကစားခဲ့ရတဲ့ လီဗာပူး တိုက်စစ် နည်းစနစ်ကို ပက် ထုတ်ပြော

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဒီရာသီ ပထမပိုင်းအဖြစ် အန်ဖီးကွင်းမှာ ယှဉ်ပြိုင်စဉ်တုန်းက လီဗာပူးရဲ့ တိုက်စစ်ကစားပုံ သိပ်ကောင်းလွန်းတာကြောင့် သူတို့အသင်းက ခံစစ်ပါ အထိုင်ချ ကစားခဲ့ရတယ်လို့ ထုတ်ပြောလာပါတယ်။

ပထမအကျော့ဟာ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဲ့တုန်းက ကလပ်နှစ်သင်းဟာ တစ်ပိုင်းစီ သိပ်ကောင်းတဲ့ ခြေစွမ်းတွေ ပြသခဲ့တာပါ။ လီဗာပူးရဲ့ ဦးဆောင်ဂိုးတွေဟာ ပြန်လည် ချေပခံခဲ့ရပေမယ့် အဆိုပါပွဲမှာ ဆာလာဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်သမားဆိုတာကို ပြသနိုင်ခဲ့တယ်။

ခံစစ်မကစားလိုပေမယ့် လီဗာပူးရဲ့ တိုက်စစ်ကစားပုံ သိပ်ကောင်းနေခဲ့တာကြောင့် လုပ်စရာ ခပ်များများ မရှိလှဘဲ ခံစစ်ကို ရွေးချယ်ခဲ့ရတယ်လို့ ဂွာဒီယိုလာက ဆိုသလို လီဗာပူး ဘယ်လိုတွေ ကစားနေတယ်ဆိုတာ သူသိပါတယ်ဆိုတဲ့ သဘောဖြင့် နည်းစနစ်ပိုင်းအရ ခွဲခြမ်း စိတ်ဖြာမှု ပြုလုပ်ခဲ့ပါသေးတယ်။

ဂွာဒီယိုလာက “ ကျနော်တို့ ခံစစ်ပိုင်းတွေ လုပ်ဆောင်ရပြီး ခံစစ်ကို အထိုင်ချ ကစားခဲ့ရတယ်။ ကျနော်တို့ ခံစစ် ကစားချင်လွန်းလို့ဆိုပြီး ကစားခဲ့တာတော့ မဟုတ်ဘူး။ လီဗာပူး ကစားနေပုံအရ ခံစစ်ကလွဲပြီး အခြား လုပ်စရာ မရှိလို့ ခံစစ်ကစားခဲ့ရတာဖြစ်တယ်။

လီဗာပူးက ကွင်းကို ပိုပြီး ကျယ်ပြန့်အောင်နဲ့ ရှည်လျားအောင် လုပ်ခဲ့တယ်။ အဲ့လို လုပ်ဖို့လည်း သူတို့ ကွင်းလယ်မှာ အရည်အချင်းကောင်းတွေ ရှိနေခဲ့တယ်။

လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်လောက်တုန်းကတော့ လီဗာပူးက တိုက်ရိုက် ပိုကစားတယ်။ အခုလို လိုင်းတွေကြားမှာ ကစားတာမျိုး မရှိပါဘူး။ အခုတော့ သူတို့က အယ်လီဆန်၊ မာတစ်၊ သီယေဂိုတို့နဲ့အတူ အတွင်းပိုင်းကနေ ကစားနေပါတယ်။ ခံစစ်ကနေ ခြိမ်းခြောက်ရာမှာ ထရန့်က အံ့မခန်း ပြပွဲကြီးလိုပါပဲ။ နောက်ကွယ်ကနေ မောင်းနှင်နိုင်စွမ်း ရှိပါတယ်။

တည်ကန်ဘောနဲ့ ထောင်ကန်ဘောတိုင်းကလည်း ခြိမ်းခြောက်မှုပါပဲ။ ကန်တင်ပေးသူတွေက သိပ်ကောင်းသလို လှုပ်ရှားပုံကလည်း သိပ်ကောင်းပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအပတ်ပွဲမှာ ထရန့်နဲ့ ဆာလာတို့ရဲ့ ညာခြမ်းက အဓိက တိုက်စစ်ဆင်မှာဖြစ်ပြီး သီယေဂိုတို့ရဲ့ ကွင်းလယ် အတွင်းပိုင်းကနေ ပေးချက်တွေနဲ့ ဖောက်ထွက်လာမယ်လို့ ဂွာဒီယိုလာက သုံးသပ်နေတာပဲ ဖြစ်ပါတယ်။